.
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော်၊
ဟိုပုံးမြို့၊ မြို့မဈေးရှိ ဈေးအိမ်သာတွင် တစ်ခါသွားလျှင် ၅၀၀ ကျပ် ကောက်ခံနေသည့်အတွက်
ယင်းဈေးအိမ်သာကို နေ့စဉ် အသုံးပြုနေရသည့် ဈေးသူဈေးသားများအတွက် အဆင်မပြေ ဖြစ်ပေါ်နေရကြောင်း
သိရသည်။
.
.
“ဟိုပုံးဈေးမှာ အိမ်သာတက်တာ ၅၀၀ တဲ့။ တစ်ရက် အိမ်သာဖိုးကို
၁၅၀၀ လောက်ကုန်တဘ်။ ဈေးဦးက မပေါက်သေးဘူး။ အိမ်သာဖိုးက မနည်းတော့ဘူး” ဟု ဈေးသည်တစ်ဦးက
ပြောသည်။
.
ဟိုပုံးဈေးအိမ်သာမှာ သန့်ရှင်းမှု မရှိသည့်အပြင်
အိမ်သာစောင့်သူများကလည်း ဆက်ဆံရေး အဆင်မပြေ ကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။
.
“ပျံကျဈေးသည်တွေဆိုရင် သနားပါတယ်။ သေးတစ်ခါပေါက်
၅၀၀ ဆိုတော့ အောင့်ထားကြတယ်။ ကြာရင် ရောဂါဖြစ်လိမ့်မယ်။ တစ်ရက်တစ်ရက် ရောင်းရတာက နည်းနည်း၊
အိမ်သာဖိုးက ပိုကုန်နေရတယ်” ဟု အခြား ဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူအား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် အခက်အခဲဖြစ်နေသည့် ဈေးသည်များနှင့်
သတင်းမေးမြန်းသည့် သတင်းသမား အား ရုံးသို့လာရောက်တွေ့ဆုံဖြေရှင်းရန်သာ ပြောဆိုခဲ့သည်။
.
ဟိုပုံးမြို့မဈေးသည် ရှမ်းပြည်နယ်အတွင်းရှိ
အခြားသော ဈေးများကဲ့သို့ပင် ၅ ရက်တစ်ဈေး ခင်းသည့် ဈေးတစ်ခု ဖြစ်သော်လည်း
ကြားရက်များတွင်ပါ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများဖြင့် အမြဲ
စည်ကားနေလေ့ရှိပြီး ဈေးနေ့များတွင် ဟိုပုံးမြို့အနီးပတ်ဝန်းကျင် ကျေးရွာများ အပြင်
တောင်ကြီးမြို့ပေါ်မှ ဈေး လာရောက်ရောင်းချသူများ၊ ဈေးသုံး လာသူများဖြင့် စည်ကားလေ့ရှိကြောင်း
သိရသည်။
.
ဟိုပုံးမြို့မဈေးအတွင်း ဈေးဆိုင်ခန်း ပေါင်း ၇၅၇
ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပျံကျ ရောင်းချမှုများလည်း ရှိနေကြောင်း
သိရသည်။
.

No comments:
Post a Comment