.
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
.
အီရန်စစ်ပွဲအတွက် အမေရိကန်ရဲ့
စစ်ရေးကုန်ကျစရိတ်ဟာ ဒေါ်လာ ၂၉ ဘီလီယံအထိ ရှိလာကြောင်း အမေရိကန် ကာကွယ်ရေးဌာန
(ပင်တဂွန်) က ထုတ်ပြန်ကြေညာပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့ နှစ်ပတ်အကြာမှာ ကွန်ဂရက်ကို
တင်ပြခဲ့တဲ့ ဒေါ်လာ ၂၅ ဘီလီယံထက် များနေတာပါ။
.
.စစ်ပွဲစတင်ပြီး သိပ်မကြာခင်အချိန်တုန်းကတော့
ဒီစစ်ပွဲကြောင့် အမေရိကန်ရဲ့ စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံလောက်
ရှိလိမ့်မယ်လို့ တွက်ချက်ထားပေမဲ့ လက်ရှိမှာတော့ အမေရိကန်ဟာ အီရန်စစ်ပွဲကြောင့်
ဒေါ်လာ ၁ ထရီလီယံလောက်တောင် ကုန်ကျနိုင်ဖွယ်ရှိနေပါတယ်။
.
အင်္ဂါနေ့မှာထုတ်ပြန်တဲ့ ပင်တဂွန်ရဲ့
ကုန်ကျစရိတ်စာရင်းထဲမှာ စစ်ဆင်ရေးစရိတ်တွေအပြင်၊ စက်ပစ္စည်းတွေ ပြုပြင်ခြင်းနဲ့
အစားထိုးခြင်းပြုလုပ်ရတဲ့ စရိတ်တွေကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒါ့အပြင်
အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ အမေရိကန်စစ်စခန်းတွေရဲ့ ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ရတာတွေလည်း
ရှိနေပါသေးတယ်။
.
စစ်ပွဲသုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ လင်ဒါဘီးမ်
ကတော့ ဒီစစ်ပွဲဟာ အမေရိကန်နိုင်ငံရဲ့ အခွန် ထမ်းဆောင်သူတွေအတွက် ဒေါ်လာ ၁
ထရီလီယံလောက် ကုန်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။
.
“စစ်ပွဲတွေက အမြဲတမ်း မျှော်မှန်းထားတာထက်
ပိုပြီး ကုန်ကျပါတယ်။ သမိုင်းတစ်လျှောက် စစ်တိုက်သူ တွေဟာ စစ်ပွဲကုန်ကျစရိတ်နဲ့
စစ်ပွဲကြာမြင့်ချိန်တွေကို အကောင်းမြင်တတ်ကြတယ်” လို့ လင်ဒါက ဆိုပါတယ်။
.
“ဥပမာအနေနဲ့ ရုရှားက ယူကရိန်းကို
ရက်သတ္တပတ်အနည်းငယ်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ သမ္မတ
ဂျော့ဘုရှ် လက်ထက်မှာတုန်းကလည်း သူ့ရဲ့အကြံပေးက အီရတ်စစ်ပွဲဟာ ဒေါ်လာ ၂၀၀
ဘီလီယံလောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းတာကြောင့် အလုပ်ဖြုတ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ဒေါ်လာ ၅ ထရီလီယံလောက် ကုန်သွားခဲ့ပါတယ်” လို့ သူမက
ဆက်ပြောပါတယ်။
.
လင်ဒါက စစ်ပွဲစရိတ်တွေကို ကာလတိုနဲ့ ကာလရှည်
နှစ်မျိုး ခွဲခြားပြထားပြီး ကာလတိုစရိတ်တွေမှာ လက်နက်ခဲယမ်းဖိုးတွေ၊
လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့တွေရဲ့ ထိန်းသိမ်းစရိတ်တွေ၊ စစ်သား ဝန်ထမ်းစရိတ်နဲ့
တိုက်ပွဲထောက်ပံ့ကြေးတွေ၊ ဖျက်ဆီးခံရတဲ့ ဒါမှမဟုတ် ဆုံးရှုံးသွားတဲ့
တိုက်လေယာဉ်နဲ့ ဒရုန်း စတာတွေပါဝင်ပါတယ်။
.
ကာလရှည်ကုန်ကျစရိတ်တွေမှာတော့ နောက် ၄ နှစ်ကနေ ၅
နှစ်အတွင်း အဆောက်အဦးတွေ ပြန်လည် ပြုပြင်တာ၊ ပိုပြီးခေတ်မီတဲ့ လက်နက်တွေ
ဖြည့်တင်းတာ၊ တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်စစ်သားတွေအတွက်
ကျန်းမာရေးစောင့်ရှောက်မှုပေးတာ စတာတွေ ပါဝင်ပါတယ်။
.
အမေရိကန်ရဲ့ရေနံဈေးတွေကလည်း
ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဒီတစ်ပတ်မှာ ရေနံဈေးက တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်မှာ
ဆက်ရှိနေဆဲပါ။
.
လေ့လာသုံးသပ်သူတွေကတော့ အမေရိကန်နိုင်ငံရဲ့
ဓာတ်ဆီဈေးနှုန်းက နောက်ဆုံးမှာ တစ်ဂါလံကို ၅ ဒေါ်လာအထိ ရောက်သွားနိုင်တယ်လို့
သတိပေးထားပါတယ်။
.

No comments:
Post a Comment