မက္ကဆီကို
နိုင်ငံမှာ ဖျော်ဖြေပွဲ လုပ်ဖို့ ရောက်လာတဲ့ ကိုရီးယား ကေပေါ့ပ်အဖွဲ့ BTS ကို မြင်ရဖို့
မက္ကဆီကို အမျိုးသား နန်းတော်ရှေ့မှာ လူစုလူဝေးကြီး ဖြစ်သွားခဲ့ပါတယ်။ လူပေါင်း
၅၀၀၀၀ ကျော်က BTS အဖွဲ့ဝင်တွေကို မြင်ရဖို့အတွက်
နန်းတော်ရှေ့ဆီ ချီတက် ရောက်ရှိလာကြတာပါ။
.
BTS အဖွဲ့ဝင်တွေက နန်းတော်ထဲမှာ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘန်းနဲ့
တွေ့ဆုံပြီးတဲ့နောက် နန်းတော်ရဲ့ ဝရန်တာကို ထွက်ပြီး ပရိသတ်တွေကို လက် ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။
အဖွဲ့ဝင်တွေ စစ်မှုထမ်း နေရတာကြောင့် ၄နှစ်နီးပါး ရပ်နားထားရတဲ့ BTS အဖွဲ့က ဒီနှစ် မတ်လမှာမှ ကမ္ဘာ့ ဖျော်ဖြေရေးလောကထဲကို ပြန်လည် ဝင်ရောက်လာနိုင်တာပါ။
.
BTS ဟာ မေလ ၇၊ ၉၊ ၁၀ ရက်တွေမှာ မက္ကဆီကို နိုင်ငံတွင်း ဖျော်ဖြေပွဲတွေ
လုပ်ဆောင်သွားမှာ ဖြစ်ပြီး လက်မှတ်ပေါင်း ၁၃၅၀၀၀ ကို
မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားခဲ့ပါတယ်။ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့
ကင်နန်ဂျွန်းက နန်းတော် ဝရန်တာကနေ မက္ကဆီကိုပရိသတ်တွေကို စပိန်ဘာသာနဲ့ “ကျွန်တော်တို့
ပရိသတ်တွေကို ချစ်ပါတယ်၊ အရမ်းလည်း တန်ဖိုးထားသလို၊ ကျေးဇူးလည်း တင်ပါတယ်” လို့
ပြောသွားခဲ့ပါတယ်။
.
မက္ကဆီကို သမ္မတ ကိုယ်တိုင်က နောက်နှစ်မှာလည်း BTS ကို မဖြစ်မနေ ပြန်ခေါ်ပေးမယ်လို့ ကတိ ပေးခဲ့ပြီး BTS အဖွဲ့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံကို သူမရဲ့ ဆိုရှယ်မီဒီယာပေါ် တင်သွားခဲ့ပါတယ်။
.
မက္ကဆီကို မြို့တော်ရဲ့ အဓိက ရင်ပြင်ဖြစ်တဲ့ ဇိုကာလို ရင်ပြင်ကို စီမံခန့်ခွဲသူ ဇာရက်တီက ရင်ပြင်ကို လာရောက် စုဝေးကြတဲ့ လူပေါင်း ၅၀၀၀၀ ကျော် ရှိခဲ့ပြီး မိန်းကလေး အများစုက စိတ် လှုပ်ရှားမှုကြောင့် အော်ဟစ် ငိုယိုတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

No comments:
Post a Comment