ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင် ၈ လ ကျခံပြီး ပြန်လွတ်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 11, 2026

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင် ၈ လ ကျခံပြီး ပြန်လွတ်လာ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်

.

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာမှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရပြီး သံတိုင်တွေနောက် ရောက်သွားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထောင်ဒဏ်ပြည့်ဖို့ ၄ လ အလိုမှာပဲ ပြန်လွတ်လာခဲ့ပါတယ်။

.

.

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း အချိန်အများစုကို ပြည်ပနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကုန်ဆုံးနေခဲ့တဲ့ သက်ဆင် ဟာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး အီလက်ထရောနစ် ခြေကျင်းဝတ်စောင့်ကြည့်စနစ်နဲ့အတူ ပြန်လွတ်လာခဲ့တာပါ။

.

၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ကာလတွေမှာ အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကြောင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာပါ။

.

လက်ရှိမှာတော့ သူ့ရဲ့ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီရဲ့ နောက်ကွယ်မှာသာ နေတော့မယ်လို့ သက်ဆင်က ပြောဆိုထားပေမဲ့လည်း သူ့ရဲ့နိုင်ငံရေးအရ ပြန်လည်ပါဝင်လာနိုင်မှုတွေအပေါ် စိတ်ပူပန်သူတွေလည်း ရှိနေပါတယ်။

.

၂၀၀၁ ခုနှစ် ဇန်နဝါရီမှာ အာဏာရလာခဲ့ပြီးတဲ့နောက် သက်ဆင် ဟာ ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကို တစ်ပြိုင်တည်း ရရှိခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရ ပေမဲ့လည်း သူ့ရဲ့ပါတီကတော့ ရွေးကောက်ပွဲတွေမှာ ဆက်လက် အနိုင်ရနေခဲ့ပါတယ်။

.

ထိုင်းဘုရင်ကို ထောက်ခံသူတွေဖက်ကတော့ သက်ဆင်ရဲ့ အာဏာတိုးချဲ့ချင်တဲ့ ရည်မှန်းချက်အပေါ် စိုးရိမ်ခဲ့ကြပြီး သက်ဆင်ရဲ့မဟာမိတ်တွေကို အရေးယူမှုတွေပြုလုပ်ခဲ့တာပါ။ အဲဒါကြောင့်ပဲ ၂၀၁၄ ခုနှစ်မှာ နောက်တစ်ကြိမ် စစ်အာဏာသိမ်းမှု ထပ်ပြီး ဖြစ်ပေါ်ခဲ့တာပဲ။

.

သက်ဆင်က အာဏာသိမ်းမှုတွေအပေါ် လက်လျော့သွားခြင်းမရှိဘဲ နိုင်ငံပြင်ပကနေ သူ့ရဲ့ပါတီကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ သူ့ရဲ့နိုင်ငံရေးပြိုင်ဖက်တွေက သက်ဆင် ကို ထိုင်းနိုင်ငံဆီ ပြန်လာဖို့ ခွင့်ပြုခဲ့ပြီး ၂၀၂၅ စက်တင်ဘာမှာ ထောင်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သက်ဆင်က ထိုင်းကို ပြန်လာပြီးတဲ့နောက် ရဲဆေးရုံမှာ ၆ လကြာနေထိုင်ခဲ့ပြီး ဒီလုပ်ရပ်က ထောင်ဒဏ်ကို ရှောင်ရှားဖို့ ကြိုးစားမှုတစ်ခုသာ ဖြစ်တယ်လို့ ထိုင်းအဆင့်မြင့်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

.

အဲဒီ ဆုံးဖြတ်ချက်မတိုင်မီ ၂ ပတ်အလိုမှာပဲ သက်ဆင်ရဲ့သမီးဖြစ်တဲ့ ပီတောင်တန် ရှင်နာဝပ် က ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူမနဲ့ ဟွမ်ဆမ်တို့အကြား ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားသွားခဲ့တာကြောင့်ပါ။

.

သက်ဆင် ထောင်ကျနေစဉ်အချိန်မှာ ဖွေထိုင်းပါတီက ဖေဖော်ဝါရီရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ပါတီ သမိုင်းတစ်လျောက် အဆိုးဆုံး ရလာဒ်ကို ရရှိခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ပြည်သူ့ပါတီနဲ့ ဘွန်ဂျိုင်ထိုင်းပါတီ တို့ရဲ့နောက် တတိယနေရာအထိ ကျဆင်းသွားခဲ့တာပါ။

.

နိုင်ငံရေးသုံးသပ်သူတွေကတော့ သက်ဆင် ပြန်လာပြီဆိုပေမဲ့ သူ့ရဲ့ဖွေထိုင်းပါတီကတော့ နိုင်ငံရေးအရ အောင်မြင်ဖို့ လွယ်ကူမှာ မဟုတ်တော့တဲ့အကြောင်း မှတ်ချက်တွေ ပေးနေကြပါတယ်။

.

No comments:

Post a Comment

Pages