တရုတ်ကုန်စည် ဖမ်းဆီးမှုကြောင့် လားရှိုးမြို့ပေါ်တွင် ယာဉ်အသွားအလာ နည်းပါးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

တရုတ်ကုန်စည် ဖမ်းဆီးမှုကြောင့် လားရှိုးမြို့ပေါ်တွင် ယာဉ်အသွားအလာ နည်းပါးနေ

.

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တရုတ်ကုန်စည်များ ဖမ်းဆီးမှု သတင်းကြောင့် ယာဉ်အသွားအလာ နည်းပါးနေပြီး ယာဉ်လိုင်းဂိတ်အချို့လည်း ကုန်လက်ခံမှု ခေတ္တရပ်နားထားကြောင်း သိရသည်။

.

.

“လုံးဝ ဝင်လို့မရတာမျိုးတော့ မဟုတ်ပါဘူး။ ကုန်ကားကြီးတွေ ကုန်အပြည့်နဲ့တော့ ဝင်တာမျိုးတော့ မရဘူး ပေါ့။ ကိုယ်ပိုင်ကားလို ကားငယ်တွေနဲ့ အိမ်သုံးသဘောမျိုး နည်းနည်းနည်းပါးပါး သယ်တာမျိုးတော့ မပြော ပါဘူးတဲ့။ ဖမ်းတာ၊ မဖမ်းတာကတော့ သေချာမမြင်ရပေမဲ့ အဲဒီလို ကြေညာထားတော့ အသွားအလာ နည်းသွားတာတော့ ဖြစ်နိုင်တာပေါ့” ဟု လားရှိုးဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ယာဉ်လိုင်းဂိတ်များတွင် ကုန်ပစ္စည်း လက်ခံခြင်းမရှိကြောင်း ပြောဆိုနေမှုများမှာ မမှန်ကန်ဘဲ အိမ်သုံးအတွက် ပို့ဆောင်သည် ပစ္စည်းအနည်းငယ်ကို လက်ခံပို့ဆောင်ပေးနေပြီး ခရီးသည်မပါဘဲ ကုန်စည်သက်သက် ပို့ဆောင်ခြင်းမျိုးသာ ပို့ဆောင်၍မရကြောင်း ၎င်းထံက သိရသည်။

.

ယင်းကဲ့သို့ သတင်းများပြန့်နှံ့နေမှုကြောင့် လားရှိုးမြို့ပေါ်တွင် ယာဉ်အသွားအလာ အနည်းငယ် လျော့နည်း သွားသော်လည်း ၉ မိုင် လမ်းခွဲတွင် ကိုးကန့်တပ်များ ရှိနေသည့်အတွက် ယာဉ်အသွားအလာ ပုံမှန်ရှိနေပြီး နမ့်လန်မြို့အဝင်တွင် တပ်ဂိတ် ၂ ခု ရှိသည့်အတွက် ယာဉ်အသွားအလာ နည်းပါးနေကြောင်း ၎င်းထံက သိရသည်။

.

လားရှိုးမှ မူဆယ်အထိ လမ်းတစ်လျှောက်တွင် အခြား စစ်ဆေးရေးဂိတ်များ မရှိတော့ဘဲ မူဆယ်မြို့အဝင် တွင်သာ တပ်ဂိတ်တစ်ခုရှိကြောင်း သိရသည်။

.

“ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ ကားက ရှင်းစရာအကြောင်း မရှိပါဘူး။ ကုန်ကားကြီးတွေ အသွား အလာ ရှိပါတယ်။ ချင်းရွှေဟော်က ဝင်ဝင်၊ မူဆယ်ဘက်က ဝင်ဝင် သီပေါတံတား အရှေ့ဘက်ထိပ် အထိက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ အတွက် ကားအသွားအလာရှိတယ်။ တရုတ်နံပါတ်နဲ့ ကားတွေပါ သွားလာနေတာပါ။ ကုန်စည်စီးဆင်းမှုက ရှိနေမှာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအရ နမ့်လန်-လားရှိုး လမ်းပိုင်းတွင် တရုတ်ကုန်ပစ္စည်းများကို ဖမ်းဆီး နေခြင်းဖြစ်ပြီး ရေရှည်တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်လာနိုင်ကြောင်း ဒေသခံများထံက သိရသည်။

. 

No comments:

Post a Comment

Pages