.
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပေါမူဒေသတွင်
နှစ်စဉ်ကျင်းပမြဲဖြစ်သော မီးရှူး (မီးလုံး) လုတ်ဖိုင် ပြိုင်ပွဲကို မေလ ၁၅ ရက်မှ
၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၊ ကောင်ဝိန်းသံဃာ့တက္ကသိုလ်တွင်
နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သော ဗုဒ္ဓပူဇနိယ ပဋ္ဌာန်းအောင်ပွဲ၊ မိုးခေါ်ပွဲအဖြစ် လုတ်ဖိုင်ပြိုင်ပွဲကို
ကျင်းပသွားမည်ဖြစ်ပြီး မီးရှူး (မီးလုံး) ဝါသနာရှင်များအား လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း
ဖိတ်ခေါ်ထားသည်။
.
“အခုလာမယ့် (ကဆုန်) လကွယ်နေ့မှာ သံဃတက္ကသိုလ် ကောင်ဝိန်းပွဲ
ရှိပါတယ်။ ရိုးရာမီးလုံးပွဲလည်း ပါပါတယ်။ မီးလုံးပွဲက တစ်ပတ်လောက်တော့ ကြာပါတယ်။ သူတို့ပစ်တဲ့ကွင်းကနေ
ဂိုးထဲကိုဝင်တဲ့ မီးလုံးကို ဆုပေးတာပါ။ ဒီနှစ်ကတော့ ဆီဈေးကြီးတာနဲ့ သွားလာရေးကြောင့်
ပြိုင်ပွဲဝင်အဖွဲ့ နည်းနိုင်ပါတယ်” ဟု ပွဲတော် ကျင်းပရေးကော်မတီဝင် ဦးမောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ပြိုင်ပွဲဝင် မီးလုံးများကို ဝင်ကြေး သတ်မှတ်ထားပြီး
ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အဖွဲ့ အရေအတွက် အပေါ် မူတည်၍ ဆုကြေးသတ်မှတ်ကာ ပထမ၊
ဒုတိယ၊ တတိယဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ပေါမူဒေသ မီးလုံး လုတ်ဖိုင်ပြိုင်ပွဲတွင်
ပြိုင်ပွဲဝင် မီးလုံးများအား အရွယ်အစား အရှည် ၃ ပေ၊ ၃ လက်မ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်
မီးလုံးများကို မေလ ၁၆ ရက်တွင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ ကောင်ဝိန်းပွဲလည်း ဟုတ်တယ်။ ပေါမူပွဲလည်း
ဟုတ်တယ်။ အဝေးတစ်နယ်ဆီကနေ လာပြိုင်တဲ့ ရွာတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်”
ဟု ဦးမောင်က ဆက်လက်ပြောဆိုခဲ့သည်။
.
လုတ်ဖိုင် ခေါ် မီးရှူးသည် ဝါးလုံးထဲတွင်
ယမ်းများကို ထည့်ထောင်းကာ အဆိုပါ ယမ်းမီးလုံး (လုဖိုင်)ကို ဝါးလုံးရှည်ဖြင့်
ချည်နှောင်ပြီး သတ်မှတ်ထားသော စင်ပေါ်တင်ကာ ပစ်လွှတ်ရမည့် Goal အတွင်း ရောက်ရှိအောင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။
.
ပအိုဝ်းတိုင်းရင်းသားတို့ မီးလုံးပွဲ လုတ်ဖိုင်ပွဲကို
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင် အများဆုံး
ပြုလုပ်ကြပြီး နှစ်စဉ် နှစ်သစ်ကူးချိန်မှစ၍ ကဆုန်၊ နယုန်လများ တွင် အများဆုံး ပြုလုပ်ကြလေ့ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment