သဲ၊ မြေ၊ ကျောက်တင်ကားများ မိုးကာဖြင့် လုံခြုံစွာ ဖုံးအုပ်သယ်ဆောင်ရန် တောင်ကြီးစည်ပင် အသိပေးထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 3, 2026

သဲ၊ မြေ၊ ကျောက်တင်ကားများ မိုးကာဖြင့် လုံခြုံစွာ ဖုံးအုပ်သယ်ဆောင်ရန် တောင်ကြီးစည်ပင် အသိပေးထား

.

၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်

.

တောင်ကြီးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်တွင် မောင်းနှင်နေသော သဲ၊ မြေ၊ ကျောက်တင်ယာဉ်များအနေဖြင့် မိုးကာဖြင့် လုံခြုံစွာ ဖုံးအုပ်သယ်ဆောင်ရန် တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနက အသိပေးထားပြီး လိုက်နာမှုမရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

သဲ၊ မြေ၊ ကျောက် တင်ဆောင်သည့်ယာဉ်များသည် အမိုးအကာများဖြင့် လုံခြုံစွာဖုံးအုပ်၍ သယ်ဆောင်မှု မရှိခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ Slow Down များတွင် အရှိန်မလျော့ဘဲ မောင်းနှင်မှုများကြောင့် တင်ဆောင်လာသော သဲ၊ မြေ၊ ကျောက်များမှာ လမ်းမများပေါ်သို့ ဖိတ်စင် လွင့်ကျသဖြင့် မြို့တော်သန့်ရှင်း သာယာလှပရေးအား ထိခိုက်မှုရှိကြောင်း တွေ့ရှိရသဖြင့် မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ယာဉ်နောက်ပိတ်နှင့် ဘေးကာများကိုလည်း ခိုင်ခန့်သော အကာအရံများ စနစ်တကျပြုလုပ်၍ သယ်ဆောင်ရန် အသိပေးထားပြီး ပညာပေးကာလအဖြစ် ဧပြီလ ၂၈ ရက်မှ မေလ ၁၁ ရက်အထိ သတ်မှတ် ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။

.

“ဒီလိုက ဖြစ်သင့်တာ ကြာပါပြီ။ သဲကား၊ ကျောက်ကားတွေက သူတို့ကိုပဲ ကြောက်နေရတယ်။ မောင်းရင် လည်း ပြိုင်ကားရှုံးတယ်။ ပြီးတော့ သယ်လာတဲ့ မြေကြီးတွေ၊ သဲတွေက လမ်းပေါ်ကျတော့ လမ်းလည်း အရုပ်ဆိုးအကျည်းတန်တယ်။ အန္တရာယ်လည်း များပါတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၉ (ဃ) တွင် မည်သူမျှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်း၊ အမိန့်များနှင့် ဖြစ်စေ ညီ ညွတ်မှုမရှိလျှင် အမှိုက်၊ မိလ္လာ၊ အညစ် အကြေး၊ ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရာဝတ္ထုစသည် တို့ကို လမ်းပေါ် သို့မဟုတ် စွန့်ပစ်ရန် သတ်မှတ် မထားသော နေရာတွင် စွန့်ပစ်ခြင်းမပြုရ ဟု ပြဌာန်းထားသည်။

.

No comments:

Post a Comment

Pages