ညောင်ရွှေတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်း မရှိဟု မိုင်းပန် လွှတ်တော်ကိုယ်စားလှယ် ပြန်လည် ရှင်းလင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 12, 2026

ညောင်ရွှေတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်း မရှိဟု မိုင်းပန် လွှတ်တော်ကိုယ်စားလှယ် ပြန်လည် ရှင်းလင်း

 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်ခြင်းမရှိကြောင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးက ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။
.
ညောင်ရွှေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား စွမ်းရည်မြင့် မွမ်းမံ သင်တန်းဖွင့်ပွဲတွင် အခမ်းအနား တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။
.
ဒီအဖွဲ့က ဖွဲ့ထားတာ ကြာပါပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ခံပြီးတော့ ဖွဲ့တဲ့ အဖွဲ့ပါ။ မွမ်းမံသင်တန်း ပေးတဲ့အခါမှာ ကျွန်တော့်ကို လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဖိတ်တာပါ။ ဒါကြောင့် အခမ်းအနား သွား တက်တာပါ။ ဒါကို ကျွန်တော်ကပဲ ခေါင်းဆောင်ပြီး ဖွဲ့လိုက်တဲ့အဖွဲ့ ဆိုတဲ့ သဘောမျိုးနဲ့ ပုဂ္ဂိုလ်ရေးအရ ကော၊ ပါတီကိုကော တိုက်ခိုက်တာပါ” ဟု စဝ်သာဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးသည် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ ကိုယ်စားပြု၍ အချိုးကျကိုယ်စားပြုစနစ် အရ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူပြီး ညောင်ရွှေမြို့တွင် နေထိုင်သူဖြစ်သည့်အတွက် ညောင်ရွှေမြို့နယ်အတွင်း ပြုလုပ်သည့် အခမ်းအနားပွဲကို ဖိတ်စာ ရရှိသဖြင့် တက်ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။
.
ဖွဲ့စည်းပြီးသား ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ရဲ့ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက် ပေးပါရန်၊ လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဆိုပြီး ဖိတ်စာနဲ့ ဖိတ်ကြားလို့ သွားတက်ရာမှာ မှတ်တမ်း ဓာတ်ပုံ ရိုက်ကြတဲ့အခါ ပြန်ထွက်ဖို့ ခက်လို့ မှတ်တမ်းပုံ ပါတာကို တချို့က နိုင်ငံရေးသိက္ခာ ချချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ပုံ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား စွမ်းရည်မြင့် မွမ်းမံသင်တန်းကို ညောင်ရွှေမြို့တွင် ဧပြီလ ၂၇ ရက်မှ မေလ ၂၄ ရက်အထိ ဖွင့်လှစ်ပို့ချပေးနေခြင်း ဖြစ်ပြီး သင်တန်းသား ၅၈ ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #NyaungShwe #SNDP
.

 

No comments:

Post a Comment

Pages