တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အမှိုက်သိမ်းယာဉ် လာရောက် သိမ်းဆည်းပေးခြင်း
မရှိသဖြင့် ဒေသခံများ အမှိုက်စွန့်ပစ်ရန် အခက်အခဲဖြစ်နေပြီး စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်မှုများ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံက သိရသည်။
.
ယင်းကဲ့သို့ ရေမြောင်းများအတွင်းနှင့် လမ်းဘေးမြေလွတ်နေရာများတွင်
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် ရေစီးရေလာ ပိတ်ဆို့ပြီး
ပတ်ဝန်းကျင်တွင် အနံ့အသက်ဆိုးများ ထွက်ပေါ်နေရကြောင်း သိရသည်။
.
“အရင်က အမှိုက်ကားက တစ်လ တစ်ခါလောက်တော့ လာသေးတယ်။ စက်သုံးဆီကိစ္စ
ဖြစ်ပြီးကတည်းက လုံးဝ မလာတော့ဘူး။ အမှိုက်ပစ်ဖို့ နေရာ မရှိတော့ ဖြစ်သလိုပစ်ကြ၊
နောက်ဆုံး ပတ်ဝန်းကျင် ညစ်ပတ်နံစော် ပြီး ကျန်းမာရေးပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်”
ဟု အေးသာယာမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
အေးသာယာမြို့နှင့် ရွှေညောင်မြို့အတွက် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းကို ယခင်က ဖိုးလမင်းမိုး ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီ လုပ်ငန်းများ ရပ်နားပြီးနောက် အေးသာယာနှင့် ရွှေညောင်တို့တွင် အမှိုက်သိမ်းဆည်းမှုစနစ် လုံးဝ ပျက်ယွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ အား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် အေးသာယာမြို့၊ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို ဖိုးလမင်းမိုး ကုမ္ပဏီက စည်ပင်သာယာရေးဌာနနှင့် အကျိုးတူဆောင်ရွက်ခဲ့သော်လည်း တိုင်ကြားမှုများ ရှိခဲ့သည့်အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစိစစ်ပြီး ဖိုးလမင်းမိုးကုမ္ပဏီနှင့် စာချုပ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ထို့နောက် အေးသာယာနှင့် ရွှေညောင်မြို့ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူခဲ့ရာ တောင်ကြီးအီကိုကုမ္ပဏီ တစ်ခုသာ လာရောက် လျှောက်ထားခဲ့သည့်အတွက် တောင်ကြီးအီကို ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“စာချုပ် ချုပ်ဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ အရှေ့အလယ်ပိုင်း ပြဿနာဖြစ်လာတော့ ဆီဈေးနှုန်းတွေက အဆမတန် တက်လာတယ်။ ဒါကြောင့် စာချုပ်က မချုပ်နိုင်သေးဘူး။ အမှိုက်ခွန်နှုန်းထားတွေ များသွားမှာ ဖြစ်တဲ့အတွက် ညှိနှိုင်းနေဆဲကာလ ဖြစ်ပါတယ်။ မချုပ်ရသေးခင်ကာလမှာ ကုမ္ပဏီကနေ စည်ပင်ကို အမှိုက်ကား ၂ စီး ပေးထားပါတယ်။ အဲဒီကား ၂ စီးနဲ့ပဲ ဌာန အစီအစဉ်နဲ့ အေးသာယာနဲ့ ရွှေညောင်ကို အမှိုက် သိမ်းနေပါတယ်” ဟု ဦးသိန်းဝင်းက ပြောသည်။
.
အေးသာယာမြို့သည် တစ်နှစ်ထက် တစ်နှစ် လူဦးရေ ထူထပ် များပြားလာပြီး စက်မှုဇုန်လည်း တည်ရှိနေသည့် အပြင် အဝေးပြေးကားဂိတ်များ၊ အခြားစီးပွားရေးလုပ်ငန်းများစွာ ရှိနေသည့်အတွက် နေ့စဉ် အမှိုက်ထွက်ရှိမှု များပြားသည်ဖြစ်ရာ စည်ပင်သာယာရေးဌာန အနေဖြင့် အေးသာယာမြို့ အမှိုက်သိမ်းဆည်းရေးအတွက် အဆင်ပြေ ချောမွေ့အောင် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
#KBZTai #Shan #AyeTharYar


No comments:
Post a Comment