လူသတ်မှု ဖြစ်ပွားခဲ့သည့် Peter ဘားဆိုင်ကို ယာယီချိတ်ပိတ်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, May 11, 2026

လူသတ်မှု ဖြစ်ပွားခဲ့သည့် Peter ဘားဆိုင်ကို ယာယီချိတ်ပိတ်ထား

.

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လူသတ်မှု ဖြစ်ပွားခဲ့သည့် Peter ဘားဆိုင်ကို ယာယီ ချိတ်ပိတ်ထားသည်ဟု သိရသည်။

.

.

ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် ဆိုင်နှင့် ဆိုင်အတွင်းရှိ ပစ္စည်းများအား တောင်ကြီးမြို့မရဲစခန်းမှ ယာယီ လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ချိတ်ပိတ်တာမဟုတ်ဘူး၊ ယာယီပိတ်တာပါ” ဟု ပြောသည်။

.

“အမှုစစ်ဆေးနေတဲ့ ကာလအတွင်း ဆိုင်ကို ဆက်ပြီး ဆက် ဖွင့်ခွင့်မပြုဘဲ ပိတ်သိမ်းထားတဲ့ သဘောပေါ့။ ပုံမှန်အားဖြင့် ယာယီ ဖြစ်တဲ့အတွက် အမှုစစ်ဆေးပြီးပြတ်တဲ့ အခါမှာ အမှုနဲ့ ပြစ်ဒဏ်အပေါ် မူတည်ပြီးတော့ ပြန်လည် ဖွင့်လှစ်ခွင့် ရနိုင်တာလည်း ဖြစ်နိုင်သလို အပြီးပိတ်သိမ်းတဲ့ အထိလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်နေရာက ငှားထားတာဆိုတော့ မူလပိုင်ရှင် ရှိတယ်။ တရားရုံးမှာ အမှု ပြီးပြတ်ရင် ပိုင်ရှင်ကတော့ ပြန်ရနိုင်ပါတယ်။ ပီတာဆိုင်ကတော့ အဲနာမည်နဲ့ ဖွင့်ခွင့် မရနိုင်တော့ပါဘူး” ဟု ဥပဒေပညာရှင်တစ်ဦးက ရှင်းပြသည်။

.

Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျူးလွန်သူ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၆ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၌ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

.

လက်ရှိတွင် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပြင် ကလေး သူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) နှင့် ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages