ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းစီမံကိန်းမှ လျှပ်စစ်မီးရရှိရန် ဒေသခံများ လိုလား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းစီမံကိန်းမှ လျှပ်စစ်မီးရရှိရန် ဒေသခံများ လိုလား

.

၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းဆည်ရှိ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မီး ရရှိရန် ကျိုင်းခမ်းရွာ ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။

.

.

လက်ရှိတွင် ရပ်စောက်မြို့မှ ကျိုင်းခမ်းကျေးရွာသို့ သွယ်တန်းထားသည့် ဓာတ်တိုင်များမှာ မကြာခဏ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပေါ်နေပြီး ကျိုင်းခမ်းကျေးရွာတွင် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျွန်တော်တို့ရွာထိပ်မှာတင် ဆည်မြောင်းရှိတယ်၊ လျှပ်စစ်လည်း ထွက်နေပြီ။ ဒါပေမဲ့ ရွာကိုကျတော့ မီးမပေးဘူး။ ဒီဆည်မြောင်းကြောင့် လယ်ယာမြေတွေ ဆုံးရှုးခဲ့ရတာကလည်း ကျွန်တော်တို ရွာသားတွေပဲ။ တကယ်လို ဆည်မြောင်းကသာ မီးပေးထားရင် တောထဲက ဓာတ်တိုင်ကျိုးတဲ့ ကိစ္စတွေကို ပူနေစရာ မလိုတော့ဘူး။ အခုဆို မိုးတွင်းရောက်တော့မယ်၊ တောထဲမှာ သစ်ကားတွေ တိုက်မိလိုဖြစ်ဖြစ်၊ ရာသီဥတု ကြောင့်ဖြစ်ဖြစ် ဓာတ်တိုင်ကျိုးတိုင်း အခုလို အမှောင်ထဲမှာ နေနေရဦးမှာလား” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်စောက်မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ တာဝန်ရှိသူအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ကျိုင်းခမ်းဆည်မှ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပြီး ကျိုင်းခမ်းကျေးရွာ မီးလင်း‌ရေး အတွက် မီးလိုင်းဆွဲပြီးဖြစ်ကာ လိုအပ်သည့်ပစ္စည်းများ ရရှိရေး အတွက် တင်ပြထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

ထို့အပြင် ကျိုင်းခမ်းကျေးရွာတွင် မီတာခကောက်ခံရာ၌လည်း မီတာခစာရင်းတွင် ဖော်ပြထားသည့် ပမာဏ အပြင် ဆီဖိုး ဟုဆိုကာ တစ်အိမ်လျှင် ၃၀၀၀ ကျပ်ခန့် အပိုဆောင်းကောက်ခံမှုများ ရှိနေကြောင်း ဒေသခံများ က ပြောဆိုကြသည်။

.

ယင်းကဲ့သို့ ဆီဖိုးငွေ ကောက်ခံမှုနှင့် ပတ်သက်၍ ယင်း တာဝန်ရှိသူက “ကျိုင်းခမ်းက သူတို့အတွက် လိုင်းမင်း မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့က ကူညီပြီးတော့ မီတာခလေးတွေ ကောက်ပြီးတော့ သွားသွင်းပေးတယ်။ အဲဒီမှာ ကျသင့်တဲ့ မီတာဖိုးအပြင် ဆိုင်ကယ်ဆီဖိုး ဆိုပြီးတော့ ကျေးရွာလူကြီးတွေ၊ မီးကော်မတီတွေနဲ့ ညှိနှိုင်းပြီး ၁၅၀၀ ကောက်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ကျိုင်းခမ်းဒေသတွင် လျှပ်စစ်မီး ပုံမှန်မရရှိသည့်အတွက် ဒေသခံများ၏ နေ့စဉ်လူမှုဘဝနှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်လျက်ရှိရာ ဆည်မြောင်းမှ လျှပ်စစ်မီးရရှိရေးအတွက် စဉ်းစားဆောင်ရွက်ပေးစေ လိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ကျိုင်းခမ်း ရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်ရာ တာဘိုင် Unit(1) နှင့် (2) လည်ပတ် ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages