.
တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက
တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မနေ့ (မေလ ၇ ရက်) ညပိုင်းက
တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့
သိရပါတယ်။
.
.
ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊
တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက်
အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို
ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။
(သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။
.
◇
ဖြစ်စဉ်အကျဉ်း
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က
ပီတာဘားဆိုင်မှာ အလုပ်လုပ်ကိုင် နေတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို
ဆိုင်လာတဲ့ ဧည့်သည်က မုန့်ဖိုးပေးခဲ့တာ ဆိုင်ရှင် အောင်မျိုးသူ (ခ) ပီတာက သူ့ကို
ပြောမပြတာကြောင့် ဆိုပြီး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့တာကြောင့် မဖူးပွင့်ဝေဟာ
ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
.
အဲဒီလို သေဆုံးသွားပြီးတဲ့နောက် ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ)
ပီတာဟာ နောက်တစ်နေ့ မနက်အစော မှာ ဆိုင်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးတော့
သူ့ရဲ့ ဇနီးက မိန်းကလေးငယ်ဟာ သာမန် သေဆုံးတဲ့ ပုံစံမျိုးနဲ့ သုဿာန်ကိုပို့ပြီး
သင်္ဂြိုဟ်ဖို့ လုပ်နေတဲ့အချိန်မှာ သံသယဖြစ်ဖွယ်ရှိတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်
စစ်ဆေးရာကနေ လူသတ်မှု ပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။
.
◇
လူသတ်မှု ဖြစ်
.
ဖြစ်စဉ် ဖြစ်ပွားချိန်မှာ သေဆုံးခဲ့ရသူ မဖူးပွင့်ဝေ အပြင် အသက် ၁၅
နှစ်အရွယ် တခြား ဆိုင်ဝန်ထမ်း မိန်းကလေး တစ်ဦးလည်း ဆိုင်အတွင်း ရှိနေတယ်လို့
သိရပါတယ်။
.
သူ့ရဲ့ ထွက်ဆိုချက်အရ သေဆုံးသူ မိန်းကလေးငယ်ကို ပီတာက လက်သီးနဲ့
ထိုးတာ၊ ခေါင်းကို လက်နဲ့ကိုင်ပြီး စားပွဲနဲ့ ဆောင့်တာ၊ ခြေထောက်နဲ့ ကန်တာ၊
အရက်ထည့်တဲ့ ရေခွက်ကြီးထဲ ခေါင်းကိုနှစ်တာတွေအပြင် ရိုက်နှက် ညှဉ်းပန်းမှုတွေ
လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
.
ဒါ့အပြင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ တာဝန်ရှိသူကလည်း
“မှုခင်းဆရာဝန်ကြီးရဲ့ စစ်ဆေးချက်အရ ဦးခေါင်းမှာ ဒဏ်ရာရပြီးတော့ အတွင်းက
ဦးနှောက်သွေးကြောပေါက်၊ သွေးခဲပြီး သေဆုံးတာပါ” လို့ ပြောဆို ထားပါတယ်။
.
အဲဒါကြောင့် လူသတ်မှု ဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါပြီ။
ဘာကြောင့်လဲဆိုတော့ ရရှိထားတဲ့ ဒဏ်ရာအခြေအနေ၊ ဆေးရုံရဲ့ အတည်ပြုချက်၊ သက်သေခံ
ထွက်ဆိုချက်တွေအရ မိန်းကလေးငယ် မဖူးပွင့်ဝေ ဟာ ဘားပိုင်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက်
ရိုက်နှက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။
.
◇
ပီတာ ဘာတွေပြောခဲ့လဲ
.
တရားခံ အောင်မျိုးသူ (ခ) ပီတာဟာ တုံတာနယ်မြေရဲစခန်းမှာ
ဖမ်းဆီးခံခဲ့တုန်းက မိန်းကလေးငယ်ဟာ ဆိုင်မှာ လာရောက်စားသောက်တဲ့ ဧည့်သည်တွေက
ငွေရှင်းပြီး ပိုတဲ့ Tip Money ငွေတွေ ထည့်ထားတဲ့
စုဘူးထဲကငွေကို ခိုးယူတဲ့အတွက် ဒေါသမထိန်းနိုင်ဘဲ ဆိုင်အဝင်ပေါက် လှေကားအဆင်းမှာ
မဖူးပွင့်ဝေရဲ့ ခေါင်းကို လက်နဲ့ရိုက်ပြီး ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာမှာ
မိန်းကလေးငယ်ဟာ လှေကားတိုင်နဲ့ ဦးခေါင်းနောက်စေ့ ဆောင့်မိပြီး တိုင်ဘေးက စားပွဲနဲ့
မျက်နှာ ထပ်မံဆောင့်မိကာ သတိလစ်မေ့မြောသွား ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း
ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
.
အဲဒီနောက် မိန်းကလေးကို တောင်ကြီးမြို့၊ မြတ်တော်ဝင်ဆေးရုံသို့
ပို့ဆောင်ခဲ့ရာမှာ အခြေအနေ မကောင်း တဲ့အကြောင်း ပြောတဲ့အတွက် စားသောက်ဆိုင်ကို
ပြန်ခေါ်လာပြီး ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ က သူ့ရဲ့ဆိုင်ကယ်နဲ့
တောင်ကြီးကနေ မိုင်းပျဉ်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြီး တုံတာမြို့
အရောက်မှာ ပြစ်မှုကို နောင်တရကာ လာရောက်အဖမ်းခံခဲ့တာ ဖြစ်တယ်လို့ အောင်မျိုးသူက
ထွက်ဆို ထားတယ်လို့လည်း ဆိုပါတယ်။
.
မြတ်တော်ဝင်ဆေးရုံကို လူနာ ရောက်ရှိခဲ့မှုနဲ့ ပတ်သက်ပြီး
ဆက်သွယ်မေးမြန်းရာမှာတော့ “ပုဂ္ဂလိက ဆေးရုံတွေမှာ ချမှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းအရ လူနာရဲ့ အချက်အလက်ကို ဖြေခွင့်မရှိပါဘူး။ သက်ဆိုင်ရာ
အာဏာပိုင်တွေကိုတော့ သတင်းပေးရတယ်။ တခြား ဘာမှပြောခွင့်မရှိလို့ပါ” လို့ ပြန်လည်
ဖြေကြားခဲ့ပါတယ်။
.
◇
ဒေသခံလူထု ပြောစကား
.
အဲဒီ ပီတာဘားဆိုင်ဟာ လာဖွင့်တာ သိပ်မကြာသေးပေမဲ့ ဆိုင်မှာ
မကြာခဏဆိုသလို ဘားဆိုင်ပိုင်ရှင်ရဲ့ အော်ဟစ်ဆဲဆိုသံတွေ၊ ရန်ဖြစ်သံတွေ
ကြားရတတ်တယ်လို့ ပတ်ဝန်းကျင်က ပြောပါတယ်။
.
“သူတို့ဆိုင်မှာက မကြာခဏဆိုသလို အဲဒီလို အော်ဟစ်ဆဲဆို၊ ရန်ဖြစ်သံတွေ
ကြားရတတ်ပါတယ်။ ဖြစ်စဉ် ဖြစ်တဲ့ (မေလ ၄ ရက်) ညပိုင်းကလည်း ဆိုင်ပိုင်ရှင်ရဲ့
အော်ဟစ်သံတွေ ကြားပေမဲ့ ခါတိုင်းလိုပဲ ရန်ဖြစ်တယ် ထင်လိုက်တာပါ။ နောက်တစ်နေ့
နေ့လယ်မှ ကောင်မလေး ဆုံးသွားတယ်ဆိုတာ သိရပါတယ်” လို့ ပြည်တော်သာ ရပ်ကွက်နေ
ဒေသခံတစ်ဦးက ပြောပါတယ်။
.
ဒီအမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ဖို့
လိုလားပြီးတော့ ကျူးလွန်သူက ပိုက်ဆံရှိလို့ လွတ်မြောက် သွားတယ် ဆိုတာမျိုး
ဖြစ်မှာကို စိုးရိမ်နေကြတဲ့အပြင် တာဝန်ရှိသူတွေရဲ့ သတင်းဖုံးကွယ်မှုကြောင့်
ပြစ်မှု ပေါ့လျော့သွားတာ၊ ပျောက်ကွယ်သွာတာမျိုး ဖြစ်ပေါ်မှာကို စိုးရိမ်နေကြပါတယ်။
.
ဒါ့အပြင် ဝါရင့် တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း “အစက
သူကထွက်ပြေးနေတယ်။ နောက်ပိုင်း ရှမ်းရှေ့မှာ အဖမ်းခံတယ်။ အဲဒီတော့ အရင်က
သူကိုယ်တိုင် အဖမ်းမခံဘဲ ထွက်ပြေးတယ်။ ဒီအပြစ်ကို ဝန်ခံချင်တယ် ဆိုရင် ဖြစ်ကတည်းက
ထွက်မပြေးဘဲ အသိပေးရမှာပေါ့။ အဲဒီလိုဆိုရင်တော့ သူကိုယ်တိုင် အဖမ်းခံတာ
အကျုံးဝင်တယ်။ အခုက သူထွက်ပြေးထားတာ ရှိတဲ့အတွက်ကြောင့် ဥပဒေဘက်က ကြည့်ရင်
လက်ခံစရာအကြောင်း မရှိပါဘူး” လို့ ရှင်းပြပြောဆိုခဲ့ပါတယ်။
.
တစ်ဆက်တည်းမှာပဲ တရားခံဘက်ကနေ ရှေ့နေအဖြစ်
လိုက်ပါဆောင်ရွက်ခြင်းမပြုဖို့ ရှေ့နေ အသိုင်းအဝိုင်း က ဆုံးဖြတ်ထားတယ်လို့လည်း
သိရပါတယ်။
.
◇
ထုတ်ပြန်ပေးပါ
.
လက်ရှိမှာ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေ အားလုံး
စိတ်ဝင်စားနေကြသလို သတင်းကလည်း အမှန် တွေကော၊ အမှားတွေပါ ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် ငွေများတရားနိုင် ဆိုပြီး ကျူးလွန်တဲ့သူက ပြစ်ဒဏ် နည်းနည်းနဲ့
လျော့ပေါ့လွတ်မြောက်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့်
ဖြစ်စဉ် အသေးစိတ်အခြေအနေနဲ့ အရေးယူဆောင်ရွက်ထားမှု အခြေအနေတွေကို တာဝန်ရှိသူတွေက
သတင်း ထုတ်ပြန်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း လတ်တလော စုံစမ်းရရှိချက်များကို
အရဲစွန့်၍ တင်ပြလိုက်ရ ပါတယ်။
.

No comments:
Post a Comment