အမေရိကန်စစ်ရေယာဉ်တွေ၊ စစ်သင်္ဘောတွေ ဘယ်လောက် ခေတ်မီတယ်ပြောပြော၊ လက်နက်တွေ ဘယ်လောက်ပြည့်စုံတယ်ပြောပြော ဟော်မုဇ် ရေလက်ကြားမှာ လွယ်လွယ်ကူကူ မထိန်းချုပ်နိုင်တဲ့ အကြောင်းရင်းတစ်ခု ရှိခဲ့ပါတယ်။
.
အဲဒါကတော့ အီရန်ရဲ့နာမည်ကြီး ရေတပ်ဖြစ်တဲ့ ခြင်တပ်ဖွဲ့ပါပဲ။
.
ခြင်တပ်ဖွဲ့ဆိုလို့ ပင်လယ်ထဲမှာရှိနေတဲ့ တကယ့်ခြင်တွေလို့ မထင်လိုက်ပါနဲ့ဦး။ ခြင်တပ်ဖွဲ့ဆိုတာက ပင်လယ်အတွင်း ဂူတွေထဲမှာ ပုန်းအောင်းနေပြီး တိုက်ခိုက်ဖို့အသင့်ရှိနေတဲ့ အီရန်ရဲ့ တိုက်ခိုက်ရေး လှေတွေကို ခေါ်တာပါ။
.
ဒေါ်နယ်ထရမ့် အနေနဲ့ အီရန်ရဲ့ ရေတပ်အားလုံးနီးပါးကို ဖျက်ဆီးပစ်လိုက်ပြီလို့ ကြေညာထားပေမဲ့လည်း ဒီ ခြင်တပ်တွေကိုတော့ ထိလို့တောင် မရရှာပါဘူး။
.
အီရန်အနေနဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားဖို့နဲ့ ရေနံတင်ပို့မှုတွေကို အနှောင့်အယှက်ပေးဖို့ သူတို့ရဲ့ အဓိက ရေတပ်တစ်ခုတည်းကို အားကိုးထားတာ မဟုတ်ပါဘူး။ အီရန်ရဲ့ ရေပြင်အင်အားထဲမှာ ဖြန့်ကျက် လှုပ်ရှားနိုင်မှု၊ မြန်နှုန်းမြင့်မားမှု၊ အရေအတွက်များမှု ဆိုတဲ့အချက်တွေကို အခြေခံထားတဲ့ ထူးခြားတဲ့ ရေတပ် အင်အားတစ်ခုလည်း ရှိနေတာပါ။ လက်နက်တပ်ဆင်ထားတဲ့ မြန်နှုန်းမြင့်လှေ ထောင်ပေါင်းများစွာက ဟော်မုဇ်ရေလက်ကြားရဲ့ ထင်မှတ်မထားတဲ့နေရာတွေမှာ ပုန်းအောင်းနေကြပြီး သင်္ဘောကြီးတွေကို လျင်မြန်စွာနဲ့ ဝိုင်းရံတိုက်ခိုက်နိုင်ကြတာပါ။
.
“သူတို့ကို ခြင်တပ်ဖွဲ့လို့ခေါ်တာက အကောင်သေးသေးလေးတွေနဲ့ စိတ်ဒုက္ခပေးတတ်လွန်းလို့ပါ။ အန္တရာယ် လည်းများပါတယ်” လို့ ပင်တဂွန်အရာရှိဟောင်း အဲလက်စ်က နယူးယော့ခ်ပို့စ် သတင်းစာကိုပြောပါတယ်။
.
ခြင်တပ်ဖွဲ့က ဘယ်လောက်အထိ အန္တရာယ်ရှိသလဲဆိုရင် သူတို့ကို သွားထိဖို့ ကြိုးစားလို့မရအောင်ပါပဲ။ အစ္စလာမ်တော်လှန်ရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရေတပ်က စီမံခန့်ခွဲတဲ့ ခြင်တပ်ဖွဲ့ကို ၁၉၈၀ ခုနှစ်တွေမှာ စတင်တည်ထောင်ခဲ့ပြီး ကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေအတွက် ဒုတိယရေတပ်အဖြစ် တည်ထောင်ခဲ့တာပါ။
.
ကြီးမားတဲ့ ဒုံးကျည်တပ် သင်္ဘောတွေအစား ဒုံးပစ်လက်နက် ဒါမှမဟုတ် စစ်သေနတ်တွေကို တပ်ဆင် ထားတဲ့ အရပ်သားသုံး လှေငယ်တွေက ဒီခြင်တပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့တာပါ။
.
ဒီနေ့ခေတ်မှာတော့ ခြင်တပ်ဖွဲ့က ပိုမိုအားကောင်းလာခဲ့ပြီး ဒုံးကျည်တွေကို ပစ်လွှတ်နိုင်တဲ့အထိ စစ်ဆင်ရေး တွေမှာ အသုံးဝင်လာခဲ့တာပါ။ ဩစတြေးလျရဲ့ အမျိုးသားလုံခြုံရေးကောလိပ်က ရေတပ်အရာရှိဟောင်း ပါကား က ခြင်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားကို စိုးမိုးနေတာ ဆယ်စုနှစ်မကတော့တဲ့အကြောင်း ပြောပါတယ်။
.
“သူတို့က တကယ်ပဲ အန္တရာယ်ရှိပါတယ်။ ပုံမှန်အားဖြင့် သူတို့တွေက ကုန်တင်သင်္ဘောတွေလာပြီဆိုရင် ထွက်လာပြီး တိုက်ခိုက်တတ်ကြတယ်” လို့ ပါကားက ပြောပါတယ်။
.
ပါကားက ၂၀၀၈ ခုနှစ်အတွင်း ဟောမုရေလက်ကြားအနီးမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ခြင်တပ်ဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရဖူးသူပါ။
.
“သူတို့ကအရင်ဆုံး လာခြိမ်းခြောက်ကြတယ်။ အမြန်နှုန်းနဲ့ သင်္ဘောကြီးဆီကို ကပ်လာတာ၊ လက်နက်တွေ လည်း ချိန်ထားကြတယ်” လို့ ပါကားက ဆိုပါတယ်။
.
အီရန်ဟာ မကြာသေးခင်ကပဲ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ခြင်တပ်ဖွဲ့ကို အိန္ဒိယအလံတင် ရေနံသင်္ဘောတွေကို တိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ်။ ဒီလှေငယ်တွေက ထင်မှတ်မထားတဲ့ လမ်းကြောင်းတွေ ဆီကနေ ပေါ်လာတတ်ပြီး ရေဒါစနစ်ကို အမြဲဒုက္ခပေးတတ်တဲ့ လှေတွေပါ။
.
ကုန်တင်သင်္ဘောတွေဟာ လက်နက်တပ်ဆင်ထားခြင်းလည်းမရှိတာကြောင့် ခြင်တပ်ဖွဲ့ရောက်လာတာနဲ့ တိုက်ခိုက်ခံကြရတော့တာပါ။ ခြင်တပ်ဖွဲ့မှာ အင်အားဘယ်လောက်ရှိတယ်ဆိုတာကို အမေရိကန် စစ်ရေး ကျွမ်းကျင်သူတွေက မခန့်မှန်းနိုင်ကြသေးပဲ လက်ရှိအချိန်မှာတော့ ခြင်တပ်ဖွဲ့ရဲ့ လှေတွေပေါ်မှာ ဒရုန်းတွေပါ ပါလာပြီလို့ မှတ်ချက်တွေရှိနေပါတယ်။
.
ဟော်မုဇ်ရေလက်ကြားထဲကနေ သတင်းပို့ပေးနေတဲ့ တယ်လီဂရပ်သတင်းစာရဲ့ နိုင်ငံခြားသတင်းထောက် ဘလွန်ဖီးလ်ကတော့ ခြင်တပ်ဖွဲ့တွေအကြောင်း အခုလိုပြောပါတယ်။
.
“သူတို့က ရန်သူကိုစောင့်ကြည့်တာ၊ မိုင်းချတာ။ ရန်သူသင်္ဘောတွေကိုတက်သိမ်းတာ စတဲ့အဓိက စစ်ဆင်ရေး တွေကိုလုပ်ကြတာပါ။ သာမန်မြင်ကွင်းထဲမှာကိုပဲ ပျောက်နေတတ်သလို၊ လွယ်လွယ်လေး ခြေရာဖျောက်သွားနိုင်ကြသူတွေပါ” လို့ ဘလွန်ဖီးလ်ကဆိုပါတယ်။
.
အမေရိကန်တပ်တွေ ဟော်မုဇ်ရေလက်ကြားကို လွယ်လွယ်ကူကူ မထိန်းနိုင်ခြင်းဟာ ခြင်တပ်ဖွဲ့တွေကြောင့် လို့ ပြောရင် မှားမယ်တော့ မထင်ပါဘူး။
.
#KBZTai #international
.

No comments:
Post a Comment