အေးသာယာတွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူများကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

အေးသာယာတွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူများကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူများကို ယနေ့ မေလ ၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တံတိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင် ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ရွှေညောင်နဲ့ အေးသာယာအစပ်က ဘုရားဖြူဘုန်းကြီးကျောင်းနားက တောထဲမှာ ဒီညနေ ၆ နာရီကျော်က မိပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ” ဟု အေးသာယာနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကျူးလွန်သူများမှာ ရန်ပိုင်နှင့် နှင်းနှင်းဝေတို့ ဖြစ်ပြီး ၎င်းတို့ ၂ ဦးနှင့်အတူ သေဆုံးသူ ဝင်းဌေး ဆိုသူတို့ ၃ ဦးသည် ယမန်နေ့ မေလ ၅ ရက်၊ ည ၁၁ နာရီခန့်က အခင်းဖြစ်နေရာတွင် အရက်အတူသောက်နေစဉ် သေဆုံးသူမှ မိန်းကလေးအား မဖွယ်မရာ ကြံစည်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု တရားခံများက ထွက်ဆိုထားကြောင်း သိရသည်။

.

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ရန်ပိုင်နှင့် နှင်းနှင်းဝေတို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages