.
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် အမျိုးသမီးများအား
ပစ်မှတ်ထားကာ မကြာခဏ လိုက်လံ လုယက်နေသူတစ်ဦးကို မေလ ၁ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.“ဒီလိုပုံံတူဖြစ်စဉ်မျိုး ၄/၅ ခုလောက် ရှိပါတယ်။
တခြားရွာတွေမှာ ဖြစ်တာ ကြားတာတွေနဲ့ ၁၄/၁၅ ခါထက် မနည်းဘူးထင်တယ်။ သူလုပ်နေတာက ၂ နှစ်နီးပါးရှိပြီ”
ဟု ရပ်စောက်မြို့နယ်၊ ရတနာပုံကျေးရွာနေ ဒေသခံ တစ်ဦးက ပြောသည်။
.
ရပ်စောက်မြို့နယ်၊ ပိန္နဲပင်ကျေးရွာနေ အမျိုးသမီးငယ်တစ်ဦးသည်
မေလ ၁ ရက်က ဆိုင်ကယ်ဖြင့် ဈေးသို့ သွားစဉ် နောက်မှ ဆိုင်ကယ်တစ်စီး လိုက်လာသည့်အတွက်
ကျော်တက်မည်အထင်ဖြင့် ဘေးချပေးရာ နောက်မှ ဆိုင်ကယ်စီးလာသူ အမျိုးသားက သူမဆိုင်ကယ်အား
တွန်းကန်လှဲချခဲ့ပြီး ဆိုင်ကယ်လဲသွားစဉ် ပိုက်ဆံအိတ်ကို လုယူသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဆိုင်ကယ်လဲသွားတဲ့အချိန်မှာ အမေ့ကိုဖုန်းဆက်မယ်ဆိုပြီး
ပိုက်ဆံအိတ်ယူလိုက်တဲ့အချိန် အဲဒီလူက ပိုက်ဆံအိတ်ကို လုသွားတာပါ။ ကျွန်မလည်း ရုတ်တရက်
ကြောင်ပြီး ကြည့်နေမိတယ်။ သူက ဖြည်းဖြည်းပဲ မောင်းသွားပြီး လှည့်ကြည့်တော့ သူ့မျက်နှာကို
မှတ်မိလိုက်တာပါ” ဟု လုယက်ခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
.
ဆိုင်ကယ်တွန်းလှဲပြီး လုယက်ခံရမှုကြောင့် ယင်းအမျိုးသမီးတွင်
ဝဲဘက်ခြမ်း ခြေထောက်နှင့် ရင်ဘတ် တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
လုယက်မှု ကျူးလွန်သူမှာ ရှိုင်းအောင် ဆိုသူဖြစ်ပြီး
၎င်းကို ယင်းနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ကာ ပင်ဖြစ် နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက
“မေလ ၁ ရက်နေ့မှာ ဖမ်းမိပါတယ်။ တရားလိုက အဲဒီနေ့မှာ ထိခိုက်ဒဏ်ရာတွေကြောင့် သွားလာလို့
မရသေးတဲ့အတွက် အမှု မဖွင့်သေးဘဲ ရပ်စောက်မြို့နယ် တရားသူရုံးမှာ ရမ္မန်ယူပြီး စခန်းမှာ
ချုပ်ထားပါတယ်။ ဒီနေ့ (မေလ ၅ ရက်) မှ အမှုဖွင့်တာပါ” ဟု ပြောဆိုခဲ့သည်။
.
ကျူးလွန်သူ ရှိုင်းအောင်သည် ယခု လုယက်မှု အပါအဝင်
အခြားလုယက်မှုများစွာ ကျူးလွန်ထားပြီး စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
.

No comments:
Post a Comment