.
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့နယ်
အပါအဝင် ညောင်ရွှေနှင့် ကလောမြို့နယ်တို့၌ ပြုလုပ်နေလျက် ရှိသည့်
လောင်းကစားဝိုင်းများအား ပိတ်သိမ်းထားပြီ ဖြစ်သော်လည်း ပြန်ဖွင့်ရန်
စီစဉ်နေကြောင်း သိရသည်။
.
.“အရင်နေ့ (မေလ ၈ ရက်) ညပိုင်းကတည်းက
ပိတ်လိုက်ကြတာပါ။ ဘုရားပွဲကနေ စပြီး ပိတ်လိုက်တာ၊ ကျန်တာတွေပါ ဖမ်းမယ်ဆီးမယ်နဲ့
ဆိုပြီး ဖြစ်လာတော့ အကုန် ပိတ်လိုက်ကြတာ။” ဟု သတင်းရင်းမြစ် တစ်ဦး က ပြောသည်။
.
ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို
ပိတ်သိမ်းလိုက်သော်လည်း လောင်းကစား လုပ်ငန်းများအား ဦးဆောင် ဆောင်ရွက်သူများကိုမူ
တစ်စုံတရာ ဖမ်းဆီးခြင်း မရှိသဖြင့် မကြာမီ ရက်ပိုင်းအတွင်း ပြန်လည် လုပ်ဆောင် နိုင်သည်ဟု
ပြောဆိုမှုများလည်း ရှိနေသည်။
.
“အခုတော့ ဝိုင်းတွေ ပိတ်သွားပါပြီ၊
ဒိုင်တွေကတော့ အေးဆေး သွားလာနေကြတာပါပဲ။ ဒိုင်တွေ ဘယ်သူလဲ ဆိုတာ သူတို့
(တာဝန်ရှိသူများ)က ပိုပြီး သိပါတယ်။ အခုတော့ သတင်းပေးတဲ့သူကို ရန်ပြုဖို့ လိုက်စုံစမ်းနေ
ကြတယ်။ သူတို့ (ဒိုင်တွေ) က ဌာနဆိုင်ရာတွေနဲ့လည်း အဝင်အထွက်၊ အပြောအဆိုတွေ ရနေတော့
ပြန်စီစဉ် မယ် လို့လည်း ကြားနေတယ်။ တချို့ သတင်းဌာန (အမည်ခံ) တွေကလည်း ပိုက်ဆံတွေယူတာ
ရှိတယ်။ ဝိုင်း တစ်ဝိုင်းကို တစ်ရက် လေးငါးသောင်း ပေးရတာလည်း ရှိပါတယ်အချိန် တစ်ခုစောင့်ပြီးတော့
ပြန်လုပ်ကြမယ် ထင်ပါတယ်” ဟု ညောင်ရွှေမြို့နယ်နေ ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ လောင်းကစားဝိုင်းများမှာ ၂၀၂၁ ခုနှစ်
နောက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား လာဘ်ငွေ ပေး၍ လုပ်ဆောင်နေခြင်း
ဖြစ်ကာ၊ လောင်းကစားဝိုင်းများကြောင့် ဒုစရိုက်မှုများ များပြား လာနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ကျေးလက်ဒေသများတွင် လောင်းကစားဝိုင်းများအား
ရိုးရာဓလေ့ဆိုင်ရာ ပွဲတော်များနှင့် ဆက်နွယ်၍ လည်းကောင်း၊ ဘာသာရေးဆိုင်ရာ
အဆောက်အဦအတွက် ရန်ပုံငွေ အကြောင်းပြ၍ လည်းကောင်း ပြုလုပ်နေကြခြင်း ဖြစ်ကာ ယင်းမှ
အဆင့်တက်၍ မြို့ပေါ် ဟိုတယ်အခန်းများတွင်ပင် လောင်းကစား လုပ်ငန်းများကို
လုပ်ဆောင်နေလျက် ရှိသည်ဟု သိရသည်။
.
“ရွာတွေမှာတော့ ပွဲတွေ အကြောင်းပြပြီး လုပ်တယ်၊
ပြီးတော့ ကျောင်းရန်ပုံငွေဆိုပြီး လုပ်တယ်။ မြို့ပေါ်မှာ တော့ ဟိုတယ်တွေမှာ
ဂျင်ဝိုင်းတွေ လုပ်နေတာပါ ရှိတယ်။ ရှုံးလာတာနဲ့ အမျှ နောက်ဆက်တွဲ ပြဿနာတွေ က
အများကြီးပဲလေ။” ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ဆိုသည်။
.
ယင်းကဲ့သို့ လောင်းကစားဝိုင်များ ပြုလုပ်နေမှုကြောင့်
လူမှုဒုက္ခများဖြစ်သည့် အိမ်တွင်းမိသားစုရေး အဆင်မပြေမှုများအပြင် ခိုးဆိုးလုနှိုက်နှင့်
ဒုစရိုက်မှုများ များပြားလာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment