▶️ တောင်တရုတ် ပင်လယ်ထဲမှာ
တရုတ်ရဲ့ လွှမ်းမိုးလာမှုတွေ အပေါ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဂျပန်နဲ့
ဖိလစ်ပိုင်အကြား စစ်ရေးပူးပေါင်းမှုတွေ လုပ်လာကြပါပြီ။ တရုတ်နဲ့ ဖိလစ်ပိုင်
ရေတပ်တွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ ဂျပန်ကလည်း ဖိလစ်ပိုင်နဲ့
ပူးပေါင်းဖို့ ပြင်ဆင်နေပြီး အမေရိကန်က သူ့ရဲ့မဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်၊
ဖိလစ်ပိုင်တို့နဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ လာပူးပေါင်းမှာပါ။ ဂျပန်စစ်တပ်ဖက်က
ဖိလစ်ပိုင်ကို သူတို့ရဲ့ဖျက်သင်္ဘောတွေ ပေးအပ်ဖို့ သဘောတူခဲ့ပြီး တရုတ်ရဲ့ ဖိအားပေးမှုတွေကို
လျှော့ချဖို့ ဆန္ဒရှိနေပါတယ်။
.
▶️ အမေရိကန်နဲ့ အီရန်တို့အကြား
သဘောတူညီမှု ရရှိတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ရေနံဈေးနှုန်းတွေ ကျဆင်းလာပြီး
စတော့ဈေးကွက်လည်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဟောမုရေလက်ကြားကို
ပြန်လည်ဖွင့်နိုင်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ကမ္ဘာတစ်ဝှမ်း စတော့ဈေးကွက်တွေ
မြင့်တက်လာနေတာပါ။ နိုင်ငံတကာရေနံဈေးက ၇.၅%ကျဆင်းခဲ့ပြီး ရေနံတစ်စည်ကို ၁၀၁.၇၅
ဒေါ်လာအထိ ကျဆင်းလာနေပါတယ်။ တောင်ကိုရီးယားရဲ့ စတော့ဈေးကွက်က တိုးတက်မှု
အမြင့်ဆုံးဖြစ်လာပြီး ၆.၅% အထိ တိုးတက်လာနေတာကို တွေ့ရပါတယ်။
.
▶️ ယူကရိန်းနိုင်ငံဆီကနေ
သိမ်းဆည်းထားတဲ့ ဒေါ်လာ ၈၂ သန်းတန် ငွေသားနဲ့ ရွှေတွေကို ဟန်ဂေရီနိုင်ငံက
ပြန်လည်ပေးအပ်လိုက်ပါတယ်။ ဒီ ပစ္စည်းတွေကို မတ်လ ၅ ရက်နေ့တုန်းက
ဟန်ဂေရီနိုင်ငံအတွင်းမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ကာကွယ်ရေး ကား ၂ စီးနဲ့
သယ်ယူနေချိန်မှာ ဟန်ဂေရီအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းသွားခဲ့တာပါ။
ဒီဖမ်းဆီးမှုအပေါ် ယူကရိန်းဖက်က မကျေမနပ်ဖြစ်ခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်း
ဖြတ်သန်းသွားတဲ့ ဟန်ဂေရီရေနံပိုက်လိုင်းကို ပြသနာရှာဖို့ စီစဉ်လာတာပါ။ ဒါကြောင့်ပဲ
ဟန်ဂေရီဖက်ကနေ ဒီပိုက်ဆံတွေကို ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်လိမ့်မယ်လို့ သတင်းတွေက
ဖော်ပြနေကြပါတယ်။
.
▶️ ပြင်သစ်နိုင်ငံရဲ့ လေယာဉ်တင်
သင်္ဘောတိုက်ခိုက်ရေးအုပ်စု ဟာ ပင်လယ်နီထဲကို တဖြည်းဖြည်း
ရွေ့လျားဝင်ရောက်နေတဲ့အကြောင်း ပြင်သစ်စစ်ဖက်ဆိုင်ရာ ပြောခွင့်ရှိသူက ဆိုပါတယ်။
နျူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Charles
de Gaulle ဟာ ပါရှန်းပင်လယ်ကွေ့နားအထိ ရောက်ရှိသွားမှာဖြစ်ပြီး
ဟောမု ရေလက်ကြားနဲ့ အနီးဆုံးနေရာအထိ ရောက်လာမှာပါ။ ပြင်သစ်၊ ဗြိတိန််နဲ့
နိုင်ငံပေါင်း ၅၀ ကျော် ပါဝင်တဲ့ ဟောမုပူးပေါင်းအဖွဲ့ဟာ ဟောမုရေလက်ကြား
ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြဆဲပါ။
.
▶️ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီကို
အနိုင်ရတဲ့ ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယူကရိန်းနိုင်ငံအတွင်း
ပစ်ခတ်နေမှုတွေကို ၂ ရက် ရပ်ဆိုင်းထားမယ်လို့ ကြေညာလိုက်ပါတယ်။ ယူကရိန်းဖက်ကတော့
ရုရှားကြေညာထားတဲ့ ရက်ထက် ၂ ရက်စောပြီး ပစ်ခတ်မှု ရပ်မယ်လို့ ကြေညာလိုက်ပြီး
ရုရှားဖက်က မလိုက်နာရင်တော့ ပြန်တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ မော်စကိုမြို့ရဲ့
ရင်ပြင်နီမှာ ပြုလုပ်မယ့် ရုရှားရဲ့ အောင်ပွဲနေ့အခမ်းအနားဟာ ယူကရိန်းဖက်က
တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် အစီအစဉ် အနည်းငယ်ကိုသာ ပြုလုပ်သွားဖို့လည်း
ပြင်ဆင်နေကြပါတယ်။ ရုရှားဖက်ကတော့ တကယ်လို့ ယူကရိန်းဖက်ကသာ ဒီအခမ်းအနားကို
တိုက်ခိုက်ခဲ့မယ်ဆိုရင် ကိဗ်မြို့ပေါ်ကို အကြီးစား ဒုံးကျည် တိုက်ခိုက်မှုတွေ
ပြုလုပ်မှာ ဖြစ်တယ်လို့လည်း ခြိမ်းခြောက်ထားပါသေးတယ်။
.

No comments:
Post a Comment