အောင်ပန်းတွင် ပျံကျဈေးသည်များအား သတ်မှတ်နှုန်းထက် ပို၍ ဈေးကောက်တောင်းခံနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

အောင်ပန်းတွင် ပျံကျဈေးသည်များအား သတ်မှတ်နှုန်းထက် ပို၍ ဈေးကောက်တောင်းခံနေ

 


ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မြို့မဈေး ပတ်လည်ရှိ ပျံကျဈေးသည်များအား ဈေးကောက်လေလံ ရရှိထားသူက သတ်မှတ်နှုန်းထားထက်ပို၍ ဈေးကောက်ငွေ တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

.

“သူက ပျံကျဈေးလေလံကို ဘယ်သူမှ မဆွဲနိုင်အောင် မြှင့်ပြီး ယူလိုက်တာပေါ့။ ပြီးတော့ ပိုက်ဆံကောက်တာ တော်တော်များတယ်။ ဈေးသည်ကော စားသုံးသူပါ ဝန်ပိစေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

ပျံကျဈေးသည်များအနေဖြင့် ဈေးကောက်အပြင် လမ်းမဘေး နေအိမ်များရှေ့တွင် ရောင်းချရာ၌ အိမ်ရှင် ကိုပါ လစဉ် ငွေပေးနေရသည့်အတွက် အမြတ်မကျန်ဘဲ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“အရင်တုန်းကဆိုရင် ဟင်းသီးဟင်းရွက်ကို ၁၀၀/၂၀၀ နဲ့ ရောင်းနိုင်တယ်။ အခုက ဈေးကောက်ကလည်း နှစ်စဉ် တက်လာတော့ ၅၀၀/၁၀၀၀ မှ ရောင်းလို့ရတော့တယ်။ ကျွန်မတို့အတွက်လည်း ဘာမှ မကျန်ပါဘူး။ ဈေးကောက်က အရင်က ၁၀၀၀/၁၅၀၀ ပဲ ပေးရတယ်။ အခုက ၂၀၀၀ မဖြစ်မနေ ပေးနေရတယ်။ ၄ ပေ၊ ၃ ပေတောင် မပြည့်တဲ့ဟာလည်း ၂၀၀၀ ပေးရတယ်” ဟု ပျံကျဈေးသည်တစ်ဦးက ပြောဆိုခဲ့သည်။



အောင်ပန်းမြို့မဈေးရှိ ပျံကျဈေး လေလံကို ဒေါ်ခင်မြင့်ဦး ဆိုသူက ကျပ်သိန်း ၁၅၀၀ ဖြင့် လေလံရရှိထားခြင်း ဖြစ်ပြီး မြို့မဈေး ပတ်လည်ရှိ ဗထူးလမ်း၊ အောင်မြတ်လမ်း၊ ဆရာစံလမ်းနှင့် ဦးသန့်လမ်းတို့တွင် ဈေးကောက် ကောက်ခံခွင့် ပြုထားကာ လမ်းဘေးဝဲယာ သာမက လမ်းလယ်အထိ ဈေးသည်များကို နေရာချ၍ ဈေးကောက် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

.

“မြို့မဈေးအလယ်က သီတာလမ်းဆိုရင် အလယ်က ၆ ပေ၊ ၃ ပေ ခွင့်ပြုထားပေမဲ့ အခုက လမ်းအပြည့် နီးပါး ခင်းပြီး ရောင်းချနေတော့ လူနဲ့ ဆိုင်ကယ် သွားလာဖို့တောင် ခက်ခဲနေပါတယ်” ဟု အောင်ပန်းမြို့ခံတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ဈေးကောက်ငွေ တိုးမြှင့် ကောက်ခံနေမှုနှင့် ပတ်သက်၍ အောင်ပန်းမြို့ စည်ပင်သာယာရေးဌာနမှ မြို့မဈေးတာဝန်ခံ ဆက်သွယ်မေးမြန်းရာတွင် လေလံရရှိထားသူ အား နောက်နောင် ထပ်မံ ပိုမကောက်ခံရန် ခံဝန်ကတိ လက်မှတ် ရေးထိုးစေပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

“သိပ်တော့ မများပါဘူး။ ခေတ်နဲ့အညီပေါ့။ သူတို့ လေလံကလည်း ရှုံးပါတယ်။ ဈေးကအမှိုက် ပြန်ကျုံးရတဲ့ အလုပ်သမားခတွေလည်း ရှိတယ်။ အတတ်နိုင်ဆုံး ရှုံးတယ်ဆိုပေမဲ့ သူတို့က ရသလောက်လေး တိုးကောက် ကြည့်တာပါ။ ဝန်ခံကတိ ထိုးခိုင်းပြီးပါပြီ” ဟု ဦးစိုင်းမင်းမင်းဇော်က ပြောသည်။



အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ပန်းမြို့စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်အား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် ရုံးသို့ လာ‌ရောက်ရန်သာ ပြောဆိုခဲ့ပြီး ဖြေကြားခြင်း မရှိသလို ဈေးကောက်လေလံ ရရှိထားသူ ဒေါ်ခင်မြင့်ဦးကိုလည်း ဆက်သွယ်၍ မရခဲ့ချေ။

No comments:

Post a Comment

Pages