ဝက်မွေးမြူရေးကနေ နိုင်ငံရေးပြဿနာအထိ ပြောင်းလဲသွားတဲ့ မလေးရှား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

ဝက်မွေးမြူရေးကနေ နိုင်ငံရေးပြဿနာအထိ ပြောင်းလဲသွားတဲ့ မလေးရှား

.

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်

.

ဝက်မွေးဖို့၊ မမွေးဖို့ ဆုံးဖြတ်ကြရာကနေ နိုင်ငံရေးပြဿနာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်ဆိုရင် သင် ယုံနိုင်ပါ့မလား။ မယုံမရှိပါနဲ့။ ဒါက မလေးရှားနိုင်ငံရဲ့ ဆီလန်ဂေါပြည်နယ်ထဲမှာ တကယ်ဖြစ်နေတဲ့ ပြဿနာပါ။

.

.

ဒီပြဿနာကို ပြောပြဖို့ဆိုရင် မလေးရှားနိုင်ငံရဲ့ အုပ်ချုပ်ရေးပုံစံကို နားလည်အောင် အရင်ဆုံး ပြောပြထားဖို့လိုပါလိမ့်မယ်။

.

မလေးရှားက ဖက်ဒရယ်ဘုရင်စနစ် (Federal Constitutional Monarchy) ကို ကျင့်သုံးတာပါ။ ဆိုလိုတာက နိုင်ငံတစ်နိုင်ငံလုံးအတွက် အုပ်ချုပ်နေတဲ့အစိုးရရှိတယ်။ ပြည်နယ်တွေမှာလည်း ပြည်နယ်အစိုးရ ဆိုပြီးရှိတယ်။ တချို့ပြည်နယ်တွေမှာတော့ (Sultan) လို့ခေါ်တဲ့ ဘုရင်တွေရှိပါတယ်။

.

ဆူလ်တန်တွေရဲ့အာဏာက ယဉ်ကျေးမှု၊ ဘာသာရေးကိစ္စတွေမှာ ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်၊ အထူးကိစ္စတွေအတွက် အမိန့်ထုတ်နိုင်တယ်။ ဒေသခံတွေက အစိုးရထက် ဆူလ်တန်ကိုပဲ အားကိုးကြတယ်။

.

ပြည်နယ်အစိုးရကတော့ စီးပွားရေး၊ စိုက်ပျိုးရေးစီမံကိန်းတွေလုပ်တယ်။ လက်တွေ့ပေါ်လစီတွေချတယ်။ စက်မှုလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကို စီမံတယ်။ အဲဒီမှာတင် ပြသနာက ပေါ်လာတာပါပဲ။

.

ဝက်ဟာ အမြဲပြသနာ

.

မလေးရှားရဲ့ လူဦးရေထဲက ၆၃% ကျော်ဟာ မူဆလင်တွေဖြစ်ပြီး အစ္စလာမ်ဘာသာအရ ဝက်သားစားခြင်းကို တားမြစ်ခံထားရသူတွေပါ။ ဒါကြောင့်ပဲ ဝက်မွေးမြူရေးက လူမှုရေးအရ အငြင်းပွားစရာကိစ္စအဖြစ် အမြဲတမ်း ရှိနေတာပါ။

.

ဒီအခြေအနေမှာ ဆီလန်ဂေါရဲ့ ဆူလ်တန်ဖြစ်တဲ့ ရှာရာဖူဒင် က ပြည်နယ်အတွင်း ဝက်မွေးမြူရေး မလုပ်သင့်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပေါ်ပေါက်လာတဲ့ ထုတ်ပြန်ချက်က အနံ့ဆိုးပြသနာ၊ ရေညစ်ညမ်းမှု၊ အများပြည်သူသုံးစွဲတဲ့ မြစ်ချောင်းတွေကို အန္တရာယ်ဖြစ်စေမှု စတာတွေကြောင့်ပါ။

.

ဒါပေမဲ့ အစိုးရဖက်ကတော့ ဝက်မွေးမြူရေးကို လုံးဝ ပိတ်ချလိုက်မယ့်အစား အညစ်အကြေးထိန်းချုပ်မှု နည်းပညာအသစ်တွေသုံးပြီး ပြန်လည်မွေးမြူကြည့်ဖို့ အဆိုပြုခဲ့ပါတယ်။ ဒီအဆိုက ဆူလ်တန်ရဲ့အမိန့်နဲ့ ဆန့်ကျင်သလိုဖြစ်သွားခဲ့ပြီး နိုင်ငံရေးအငြင်းပွားမှုဆီ ဦီးတည်လာခဲ့တာပါ။

.

နိုင်ငံရေးပါတီတွေကြား ပဋိပက္ခ

.

မလေးရှားနိုင်ငံ DAP ပါတီရဲ့ အမတ်တစ်ဦီးဖြစ်တဲ့ ဝန်ဆီးကီ က ဝက်မွေးမြူရေးကို လုံးဝပိတ်တာမျိုး မဟုတ်ဘဲ နည်းပညာအသစ်နဲ့ ဆက်လုပ်သင့်တယ်လို့ အဆိုတင်သွင်းခဲ့ပါတယ်။ သူပြောတာကတော့ ဝက်မွေးမြူရေးဟာ နွား၊ ကြက် စတဲ့ တခြားမွေးမြူရေးတွေနဲ့ မတူသင့်ဘဲ ပတ်ဝန်းကျင်ပြသနာတွေကို နည်းပညာနဲ့ ဖြေရှင်းစေချင်တာပါ။

.

ဒါပေမဲ့ ဆူလ်တန်က ဝက်မမွေးသင့်ဘူးလို့ ပြောထားပြီးသား ဖြစ်နေတာကြောင့် ပါတီနိုင်ငံရေး အငြင်းပွားမှုတွေ စတင်လာတာပဲ ဖြစ်ပါတယ်။

.

ဒါ့ကြောင့် PAS လို့ခေါ်တဲ့ အစ္စလာမ်ပါတီက DAP ပါတီကို ရှုံ့ချခဲ့ပြီး လွှတ်တော်မှာ အရေးယူဖို့ ကြိုးစားလာတဲ့အထိပါ ဖြစ်လာခဲ့တာပါ။

.

တကယ်တမ်းမှာတော့ ဆီလန်ဂေါပြည်နယ်က သူတို့တကယ်လိုအပ်နေတဲ့ ဝက်သားရာခိုင်နှုန်းရဲ့ ၃၀% ကိုသာ ထုတ်လုပ်နိုင်တာဖြစ်ပြီး ကျန်တဲ့ပမာဏကို တခြားကနေ တင်သွင်းနေရတာပါ။

.

ဆီလန်ဂေါမှာ မြေရှားပြီး ဈေးကြီးနေတာကြောင့် ဝက်မွေးနေမှာထက်စာရင် အဲဒီမြေတွေကို စက်မှုလုပ်ငန်းတွေ၊ အိမ်ရာတွေနဲ့ စီးပွားရေးအဆောက်အဦီတွေအတွက်သုံးဖို့ ဆူလ်တန်က ဆန္ဒရှိနေတာပါ။

.

လက်ရှိအချိန်အထိတော့ ဆီလန်ဂေါမှာ ဝက်မွေးမြူသူ တချို့ ရှိနေကြဆဲပါပဲ။

.

ဆူလ်တန်ရဲ့အမိန့်နဲ့ ပြည်နယ်အစိုးရရဲ့ သဘောထားတို့ တိုက်ဆိုင်ဖို့ ကြိုးစားနေကြဆဲဖြစ်ပြီး ဝက်မွေးဖို့ အတွက်နဲ့ နိုင်ငံရေးပြသနာတွေ ဖြစ်လာခဲ့တယ်ဆိုတာကတော့ တကယ်ပါပဲ။

.

No comments:

Post a Comment

Pages