.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်
ယမန်နေ့ မေလ ၁၁ ရက်၊ ညပိုင်းက ဖုန်းဆိုင် ၂ ဆိုင် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ကောင်လေး ၂ ယောက် လာတယ်လို့
ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။ ပုံမှန် ဆိုရင်လည်း ကျွန်တော်တို့က တောင်ကြီးက ပြန်ရောက်ပြီး
ည ၉ နာရီ၊ ၁၀ နာရီ လောက်မှ အားသွင်း ကြိုးတွေ ဝင်ယူတာမျိုးရှိတတ်တော့ ကျွန်တော်တို့ပဲထင်ပြီး
မပြောလိုက်တာတဲ့။ ဖုန်း ၄ လုံး ပါသွားပါတယ်။ ခိုးတဲ့ ကောင်လေးတွေက အသက် ငယ်ငယ်လေးတွေ၊
ပုံမှန်ဆိုရင် ကားကွင်းနားမှာ ပိုက်ဆံ လိုက်တောင်း နေတဲ့သူတွေလို့ သိရပါတယ်။ အမှုတော့
မဖွင့်ရသေးပါဘူး” ဟု ဖောက်ထွင်းခိုးယူခံရသည့် ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ဖုန်းဆိုင်မှ iPhone 7 တစ်လုံး၊ 8 တစ်လုံး၊ 10 တစ်လုံးနှင့် 10X တစ်လုံး စုစုပေါင်း ဖုန်း ၄ လုံး ခိုးယူခံခဲ့ရပြီး အေးသာယာဈေးရှေ့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင်လည်း
ယမန်နေ့ညကပင် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ကာ Computer တစ်လုံး ခိုးယူခံခဲ့ရသည်ဟု သိရသည်။
.
ခိုးယူခံရသည့် ဖုန်း ၄ လုံးအနက် ၂ လုံးမှာ ဖောက်သည်များမှ
ပြင်ဆင်ရန် လာရောက်အပ်နှံထားသည့် ဖုန်းများ ဖြစ်ပြီး စုစုပေါင်း ဖုန်း ၄ လုံး၏တန်ဖိုး
ကျပ် ၈ သိန်းဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။
.
အေးသာယာ အပါအဝင် တောင်ကြီးမြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှု၊
လုယက်မှုနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ဆိုင်ကယ်ခိုးယူခံရမှု အများစုမှာ
ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။
.

No comments:
Post a Comment