.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ
ငွေကမ္ဘာ သဘာဝအပန်းဖြေဥယျာဉ်တွင် ယမန်နေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်မှ
လွှတ်တော်ကိုယ်စားလှယ်များက ရွှေညောင်မြို့ ဒေသခံပြည်သူများနှင့်
တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.တွေ့ဆုံပွဲတွင် ဒေသခံများက တောင်သူများ၏
စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်းလှိုင်ကန် သာယာ လှပရေး၊
ရွှေညောင်မြို့တွင်း လမ်းများ ကောင်းမွန်စေရေး၊ မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၇)
ရှိရေးကိစ္စရပ် များကို တင်ပြဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်
ဖြေကြားခဲ့ကြပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု
သိရသည်။
.
“အဓိက ကတော့ အစိုးရခေတ်အဆက်ဆက် မြေယာသိမ်းဆည်းခံရတဲ့
ကိစ္စတွေ၊ အေးသာယာမြို့သစ်မှာ မြေယာတွေ သိမ်းဆည်းပြီး အခုထိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့
ကိစ္စတွေကို တင်ပြခဲ့ပါတယ်။ နောက်ပြီး ရွှေညောင်မြို့ သာယာလှပရေး၊ တောင်သူလယ်သမားတွေရဲ့
အခက်အခဲတွေကို တင်ပြခဲ့ပါတယ်။ လွှတ်တော် ခေါ်တာနဲ့ သူတို့ (လွှတ်တော်ကိုယ်စားလှယ်တွေ)
က မေးခွန်းမေးတာ၊ တင်ပြတာတွေ၊ တောင်းဆိုတာတွေကို အတတ်နိုင်ဆုံးလုပ်ပေးမယ်လို့ ပြောပါတယ်”
ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ရွှေညောင်ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(PNO)မှ တောင်ကြီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် များဖြစ်သော
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည် နှင့် ပြည်နယ် လွှတ်တော်
ကိုယ်စားလှယ် အမှတ် (၂) ခွန်ဆောင်းရွှေ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း
(ခ) နန်းစိန် ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ခွန်စောလွင်နှင့်
ရွှေညောင်မြို့ရှိ မြို့မိမြို့ဖများ၊ ရပ်ရွာ လူကြီးများ၊ ဒေသခံများ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ရွှေညောင်မြို့သည် တောင်ကြီးမြို့နယ်အတွင်း စပါး
အဓိကစိုက်ပျိုးသည့် ဒေသဖြစ်ပြီး အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်မှုလည်း
များပြားကြောင်း သိရသည်။
.

No comments:
Post a Comment