.
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
ဟဲဟိုးမြို့၊ အင်းခေါင်း ရွာတော်ကျေးရွာရှိ မိုင်းလင်းစေတီ ဘုရားပွဲတွင်
လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေကြောင်း ဒေသခံများထံက သိရသည်။
.
.နှစ်စဉ်ကျင်းပမြဲဖြစ်သော မိုင်းလင်းစေတီ
ဘုရားပွဲကို မေလ ၈ ရက်မှ ၉ ရက်အထိ ၂ ရက်ကြာ ကျင်းပ ပြုလုပ်နေခြင်းဖြစ်ပြီး
ပွဲတော်အတွင်း ဂုံးဂင်းဝိုင်း ၂၀၊ ဂျင်ဝိုင်း ၃ ဝိုင်း၊ ရှမ်းကိုးမီး ၇ ခုံ ပါဝင်ကာ
ပွဲတော် ၂ ရက်စာအတွက် တစ်ခုံလျှင် ၈ သိန်းနှုန်းဖြင့် ပွဲကန်ထရိုက်ထံ
ပေးသွင်းရကြောင်း သိရသည်။
.
“ဟဲဟိုး အင်းခေါင်းက ဒေါ်ငယ်တို့ဝိုင်းမှာ
ဂျင်ဝိုင်း လုပ်နေတာပါ။ သူက ဂျင်ဝိုင်း ဒိုင်အုပ်ပါ။ နေပြည်တော်က ဒိုင်တွေ၊
ကစားတဲ့သူတွေလည်း အများကြီးပဲ။ သိန်းပေါင်း ထောင်နဲ့ သောင်းနဲ့ချီပြီး
ဆော့နေကြတာပါ။ သူတို့လုပ်နေတာ ကြာပါပြီ။ ဒါကို တားမြစ်၊ အရေးယူပေး စေချင်ပါတယ်” ဟု
ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အင်းခေါင်းဒေသတွင် ယင်းကဲ့သို့
လောင်းကစားဝိုင်းများကို ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက အမြဲမပြတ်
ပြုလုပ်နေခြင်းဖြစ်ပြီး ယခုတွင် ဘုရားပွဲကိုအကြောင်းပြ၍ အကြီးအကျယ်
ပြုလုပ်ခြင်းဖြစ်ကာ ဒိုင်အုပ် ဒေါ်ငယ် ဆိုသူမှ ဌာနဆိုင်ရာများကို ငွေပေး၍
ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကိုယ်တိုင်က ဝန်ခံ ပြောဆိုထားသည်။ ငွေကြေး မည်မျှ
ပေးရသည်ကိုမူ ပြောဆိုရန် ငြင်းပယ်ခဲ့သည်။
.
“ဒေသခံ ကစားတဲ့သူတွေက (ငွေကြေး) ရှိတဲ့သူကတော့
အကြောင်းမဟုတ်ဘူးပေါ့။ မရှိတဲ့သူတွေကျတော့ မိသားစုတွေ ဒုက္ခရောက်တယ်။ ယောက်ျားတွေက
ရှိတာတွေပေါင်မယ်။ ဆိုင်ကယ်တွေပေါင်၊ ကားတွေပေါင်၊ မြေကွက်တွေပေါင်၊ မိန်းမက
သဘောမတူရင် မိန်းမကို ရိုက်မယ်၊ ပြဿနာရှာမယ်။ မိသားစုတွေ စိတ်ဆင်းရဲ ရတာပေါ့” ဟု အခြား
ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟဲဟိုးနယ်မြေရဲစခန်းမှ
တာဝန်ရှိသူအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် “ဘုရားပွဲရှိတာတော့
သိပါတယ်။ လောင်းကစား ခွင့်ပြုထားတာတော့ မရှိဘူး။ စုံစမ်းလိုက်ပါမယ်” ဟု
ပြန်လည်ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသအချို့တွင် ပွဲလမ်းသဘင်
အမျိုးမျိုးကို အကြောင်းပြ၍ လောင်းကစား ဝိုင်းများကို ထည့်သွင်းပြုလုပ်မှုများ
ရှိနေကြောင်း သိရသည်။
.

No comments:
Post a Comment