.
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်
.
အမှန်တကယ် သစ်ပင်စိုက်ပျိုးလိုသူများအတွက်
ပျိုးပင်များကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရှင်သန် ကမ္ဘာမြေ
အစိမ်းရောင်ကွန်ရက် ထံက သိရသည်။
.
.“ဒီနှစ်က သစ်ပင်စိုက်ဖို့လည်း ရှိပါတယ်။
လှူဒါန်းဖို့လည်း ရှိပါတယ်။ စူဠာမုနိမှာ ထားပေးတဲ့ အပင်တွေကို လိုချင်တဲ့သူတွေကို
စိုက်မယ့်နေရာနဲ့ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်မယ့်သူ စာရင်းယူပြီးတော့ လှူဒါန်း
ပေးသွားမှာပါ။ အကယ်၍ စီးပွားဖြစ် စိုက်ချင်တယ်ဆိုရင်လည်း ကျွန်မတို့ဆီမှာ
ဝယ်လို့ရပါတယ်” ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ လှူဒါန်းရာတွင် ၃ လတစ်ကြိမ်၊ ၆
လတစ်ကြိမ် အပင်ဖြစ်ထွန်းမှုနှင့် သေဆုံးမှု မှတ်တမ်း ရယူပြီး သေဆုံးအပင်များအတွက်
ပြန်လည်ဖြည့်တင်းပေးနိုင်ရေးကိုလည်း မှတ်တမ်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကိုယ့်အိမ်မှာ အပင်လေးစိုက်ချင်တယ်။
အပင်မရှိဘူး။ ဘယ်နားယူရမှန်းမသိဘူး၊ ခက်ခဲနေတယ် ဆိုတဲ့ သူတွေအတွက်ရယ်၊
ပရဟိတကျောင်းလိုနေရာမှာ ပြန်စိုက်ပေးချင်လို့ အသင်းအဖွဲ့နဲ့ လုပ်ဆောင်မယ့်
သူတွေကို လှူပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
သစ်ပင်စိုက်ပျိုးမှုကို မိုးရွာသွန်းမှုများသည့်
ဇွန်လကုန်၊ ဇူလိုင်လဆန်းတွင် ပြုလုပ်သွားရန် ရှိနေပြီး တောင်ကြီးတွင်
သစ်ပင်စိုက်ရန် နေရာ နည်းပါးနေသည့်အတွက် ညောင်ရွှေမြို့နယ်အတွင်း သွားရောက်
စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ထို့အတူ သစ်ပင်ချစ်သူများအဖွဲ့ကလည်း တောင်ကြီးမြို့၊
အရှေ့ဘက်တောင်ကြောတွင် မျိုးစေ့လုံး (Seed Ball) များကို
ကြဲပက် စိုက်ပျိုးသွားရန် ရှိနေကြောင်း သိရသည်။
.

No comments:
Post a Comment