.
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊
ပန်းတင်လမ်းမကြီးရှိ နေအိမ်တစ်လုံး ယမန်နေ့ မေလ ၃ ရက်၊ နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး
ရွှေလက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
.
.ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးနေ အထည်ဆိုင်ပိုင်ရှင်
လင်မယားသည် ယမန်နေ့ မေလ ၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့မဈေးအတွင်း အထည်ဆိုင်သွားရောက်ဖွင့်လှစ်
ရောင်းချနေစဉ် ညနေ ၃ နာရီ ခန့်တွင် အိမ်နီးချင်းဖြစ်သူက နေအိမ်ခြံတံခါး လူထွက်ပေါက်အသေး
ပွင့်နေကြောင်း ဖုန်းဆက် အသိပေးလာသဖြင့် နေအိမ်သို့ ပြန်၍ သွားရောက်စစ်ဆေးရာ ရွှေလက်ဝတ်ရတနာများ၊
လက်ပတ်နာရီ ၃ လုံး၊ Samsung S21 Ultra ဖုန်းတစ်လုံးနှင့် iPhone
8 Plus တစ်လုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅ သိန်းကျော်ခန့်
ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နေအိမ်ဖောက်ထွင်း ခိုးယူခံရမှုနှင့် ပတ်သက်၍
အိမ်ရှင်ဖြစ်သူက အမှုဖွင့်တိုင်တန်းသဖြင့် တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ
၃၈၀ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ကျူးလွန်သူအား ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် ခိုးယူမှု
အပါအဝင် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် သတိပြုနေထိုင်ကြရန် မြို့ခံများအကြား
သတိပေးမှုများ ရှိနေသည်။
.

No comments:
Post a Comment