ရာထူးကပြုတ်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 12, 2026

ရာထူးကပြုတ်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်

.

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ရာထူးက ပြိုလဲသွားမယ့် အခြေအနေအထိ ရောက်လာပြီး ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကပါ စတာမာ အနေနဲ့ရာထူးကနေ နုတ်ထွက်သင့်ပြီလို့ ပြောဆိုလာကြပါတယ်။

.

.

ဝန်ကြီးတချို့ကတော့ စတာမာ ရဲ့ ပြန်လည်စတင်ဖို့ ကြိုးစားခဲ့တဲ့ မိန့်ခွန်းအပြီးမှာ ဒေါင်းနင်းလမ်း အမှတ် (၁၀) က နေအိမ်ကို တိုက်ရိုက်သွားပြီး စတာမာ အတွက် အချိန်ကုန်သွားပြီလို့တောင် ပြောကြတဲ့အထိ ဖြစ်လာခဲ့တာပါ။

.

လေဘာပါတီရဲ့ သတင်းရင်းမြစ်တွေ ပြောဆိုချက်အရ အကြီးတန်းဝန်ကြီးတွေ ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ဒေါင်းနင်းလမ်းနေအိမ်ကို တိုက်ရိုက်သွားပြီး စတာမာ ကို ရာထူးက ဆင်းသင့်ပြီလို့ သွားပြောခဲ့ကြတာပါ။ ပြည်ထဲရေးဝန်ကြီး မာမုဒ်နဲ့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေ တို့က စတာမာကို ရာထူးကနေ ဆင်းပေးဖို့ အဓိက တောင်းဆိုသူတွေ ဖြစ်လာကြပါတယ်။

.

စတာမာ ကတော့ မနက်ဖြန်မှာ ပြုလုပ်မယ့် ဘုရင့်မိန့််ခွန်း ပြောဆိုပွဲမတိုင်မီ ခေါင်းဆောင်ရွေးချယ်ပွဲ လုပ်မယ်ဆိုရင် အစိုးရနဲ့ ဗြိတိန်ကို မတည်ငြိမ်မှုထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

.

တစ်ဖက်မှာလည်း စတာမာ ကို ထောက်ခံသူတွေဖြစ်ကြတဲ့ ကျန်းမာရေးဝန်ကြီး စထရိတင်းနဲ့ အန်ဒီဘန်ဟန် တို့လို အရေးပါတဲ့သူတွေ ရှိနေကြဆဲဖြစ်ပြီး သူတို့က စတာမာ ကို ထောက်ခံမယ့်သူတွေကို တိတ်တဆိတ် စုဆောင်းနေကြတာပါ။

.

လက်ရှိမှာ နိုင်ငံရေးအပြောင်းအလဲသတင်းတွေကြောင့် အစိုးရချေးငွေ အတိုးနှုန်းတွေ မြင့်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

.

လေဘာပါတီရဲ့အမတ် ၇၉ ယောက်ကတော့ စတာမာ အနေနဲ့ ဘယ်အချိန်နှုတ်ထွက်မလဲဆိုတဲ့ အချိန်ဇယားကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

.

စတာမာ ကိုယ်တိုင်ကတော့ ဘယ်တော့မှ လက်လျှော့ပြီး ထွက်သွားမှာမဟုတ်တဲ့အကြောင်း တုံ့ပြန်ပြောဆို ထားပြီး လေဘာ ပါတီထဲမှာ ပြင်းထန်တဲ့ အာဏာလုပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားကို ပြနေပါတယ်။

.

စတာမာ ရဲ့ရာထူးကို စပြီး လှုပ်ခတ်စေတဲ့အဓိက အကြောင်းရင်းက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ လေဘာပါတီ ရလာဒ်ဆိုးခဲ့တာကြောင့်ပါ။ အင်္ဂလန်မှာ အမတ်နေရာ ၁၅၀၀ ကျော်လောက် ဆုံးရှုံးသွားခဲ့တဲ့ အပြင် ဝေးလ်နဲ့ စကော့တလန်မှာ ပါတီရဲ့ ရပ်တည်မှုက တတိယနေရာအထိ ကျဆင်းသွားခဲ့တာပါ။ ဒီရလဒ် တွေက လေဘာပါတီရဲ့အဓိက အဖွဲ့ဝင်တွေကို သောကရောက်စေခဲ့ပြီး စတာမာ နဲ့သာ ဆိုရင် အဓိက ရွေးကောက်ပွဲမှာ ရှုံးသွားနိုင်တယ်ဆိုတဲ့ အတွေးဝင်လာကြတာပါ။

.

လက်ရှိဗြိတိန်ရဲ့ ငွေကြေးဖောင်းပွမှုတွေ၊ အစိုးရရဲ့ချေးငွေမြင့်နေတာတွေ၊ အများပြည်သူအတွက် ဝန်ဆောင်မှုပိုင်းမှာ အားနည်းလာတာတွေ၊ ကျန်းမာရေးဝန်ဆောင်မှု အကောင်းဆုံး မဖြစ်တော့တာတွေ၊ နေထိုင်စရိတ် တိုးမြင့်လာတာတွေက စတာမာ ကို ပြည်သူတွေ မကြိုက်တော့တဲ့ အဓိက အချက်တွေ ဖြစ်လာကြပါတယ်။

.

ဒါ့အပြင် ဗြိတိန်ရဲ့နိုင်ငံရေးမှာ ကွန်ဆာဗေးတစ်နဲ့ လေဘာပါတီ နှစ်ခုတည်းမဟုတ်တော့ဘဲ Reform UK ဆိုတဲ့ ပါတီ အားကောင်းလာတာ ကလည်း လေဘာပါတီရဲ့ မဲတွေကို လျော့ကျသွားစေပါတယ်။

.

စတာမာ ရဲ့နေရာမှာ ဆက်ခံဖို့ ဝန်ကြီးချုပ်သစ် ရာထူးပေးဖို့ လေဘာပါတီက ရွေးချယ်ထားတာကတော့ Greater Manchester မြို့တော်ဝန် အန်ဒီဘန်ဟန် ပါ။ Greater Manchester ဆိုတာကတော့ မန်ချက်စတာ အပါအဝင် မြို့ ၁၀ မြို့ကိုပေါင်းထားတဲ့ အပိုင်းအခြားတစ်ခုဖြစ်ပြီး ဘန်ဟန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ။

.

ပါတီဝင်တွေကတော့ ဘန်ဟန်ဟာ လူထုကြားမှာ နာမည်ကျော်ကြားမှုရှိတယ်၊ မီဒီယာတွေအပေါ် လွှမ်းမိုး နိုင်တယ်၊ အလုပ်သမားလူတန်းစားတွေရဲ့ မဲတွေကို အရယူနိုင်မယ်၊ နိုင်ငံရေးသမားကောင်းတစ်ယောက်ရဲ့ ပုံရိပ်ရှိတယ်လို့ ယူဆထားကြပါတယ်။

.

ဒါပေမဲ့ ဘန်ဟန်ရဲ့ ပြသနာက လက်ရှိမှာ ပါလီမန်အဖွဲ့ဝင် မဟုတ်တော့တာကြောင့် သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးဖို့ဆိုရင် ပါလီမန်ထဲ ပြန်ရောက်အောင်လုပ်ရမယ်။ ၂၀၂၀၊ ၂၀၁၅ တွေမှာ လေဘာပါတီရဲ့ ခေါင်းဆောင် ပိုင်း နေရာတွေကိုလည်း ဝင်ပြိုင်ပြီး ရှုံးခဲ့တာ ရှိသေးတယ်။ ဒါတွေကလည်း ဘန်ဟန် အတွက် စဉ်းစား စရာတွေ ဖြစ်နေပါသေးတယ်။

.

ဆိုတော့ ဗြိတိန်ဝန်ကြီးချုပ်နေရာကတော့ ရက်ပိုင်းအတွင်း အပြောင်းအလဲတွေကို မြင်ရဖို့ သေချာ သလောက်ပါ။ ဘယ်သူ တက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့။

.

No comments:

Post a Comment

Pages