အေးသာယာတွင် အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

အေးသာယာတွင် အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်တွင် ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင် ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ၊ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ အဆိုပါ အမျိုးသားအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဒဏ်ရာတွေနဲ့တွေ့တာ ဟုတ်ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ စိစစ်နေတုန်းပါ။ ရိုက်တဲ့သူကိုတော့ မမိသေးပါဘူး။ ဒဏ်ရာနဲ့သူကတော့ ဆေးရုံမှာ သေဆုံးသွား ပါတယ်” ဟု အေးသာယာနယ်မြေစခန်းမှူး ရဲအုပ် စောဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ အေးသာယာနယ်မြေရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages