ရှမ်းမြောက်မှ ကလေးမြို့သို့ သယ်ဆောင်လာသည့် ငွေကျပ် သိန်းပေါင်း ၉ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 10, 2026

ရှမ်းမြောက်မှ ကလေးမြို့သို့ သယ်ဆောင်လာသည့် ငွေကျပ် သိန်းပေါင်း ၉ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်

.

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှ သယ်ဆောင်လာသည့် ငွေကျပ် သိန်းပေါင်း ၉ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်အရ ယင်းမူးယစ်ဆေးဝါးများကို ဧပြီလအတွင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကွင်းဆင်းများကို အဆုံးသတ်နိုင်ခဲ့ကာ အဓိက ပို့ဆောင်သူ တရားခံကို မူ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အဝင်တွင် ယာဉ်မောင်း သက်ပိုင်စိုး မောင်းနှင်လာသည့် Nissan Condor ကားနှင့် ယာဉ်မောင်း မျိုးရဲနိုင် မောင်းနှင်လာသည့် Golden Truck ကားပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်းတွင် နိုင်လင်းဇော် မောင်းနှင် လာသည့် Nissan Condor ကားပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလို ကို ထမ်းမံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ဘိန်းဖြူ ၇၇ ကီလို၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၈၅၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့နောက် ဘိန်းဖြူများကို လက်ခံမည့် ညွန့်တင် ဆိုသူကို ကလေးမြို့ အဝင်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး လားရှိုးမြို့မှ ကလေးမြို့သို့ သယ်‌ဆောင်ခိုင်းသူ နိုင်ဝင်း (ခ) ရုပ်ဆိုး ကိုလည်း ပြည်-အောင်လံသွား ကားလမ်း၊ တီတွတ်ရွာ အနီးတွင် Toyota Hilux ကားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

စစ်ဆေးမှု ကွင်းဆက်များအရ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ ဘဂျမ်းကို၊ စဉ်ကိုင် မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်တွင် ရပ်တန့်ထားသည့် Nissan Condor ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း၊ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၆၀၀၀၀ ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့အထိ သယ်ဆောင်ခိုင်းသူမှာ ကိုအောင် ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်းနှင့် ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages