.
• အပစ်အခတ်ရပ်စဲရေး စာချုပ်သဘောတူလိုက်ပြီးတဲ့နောက် အီရန်ဖက်ကနေ အမေရိကန်ကို တိုက်ခိုက်မှု အနည်းဆုံး ၁၀ ကြိမ်ရှိခဲ့ကြောင်း အမေရိကန်စစ်ဖက် ထိပ်တန်းအရာရှိ ဒန်ကိန်းက ပြောဆိုလိုက်ပါတယ်။ အီရန်ပါလီမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဟောမုရေလက်ကြားကို အန္တရာယ်ပိုများအောင် လုပ်နေကြတာဖြစ်တယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးထားပါတယ်။ အမေရိကန် နိုင်ငံတွင်းမှာတော့ ဓာတ်ဆီဈေးနှုန်းတွေက ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ရေနံတစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ပေးနေရဆဲဖြစ်ပါတယ်။
.
• ဟောမုရေလက်ကြားမှာ တင်းမာမှုတွေ ပြန်လည်မြင့်တက်လာတဲ့အပေါ် အီရန်ရဲ့ ရာဇသံပေးမှုလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ဒီလို စွက်ဖက်မှုတွေကို ဆက်လုပ်နေမယ်ဆိုရင် အီရန်ဖက် ကလည်း ပြန်တုန့်ပြန်ဖို့ အဆင်သင့်ပဲလို့ သတင်းစကားပါးလိုက်တာပါ။ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အစ္စမေး ဘက်ဟီ က အီရန်အနေနဲ့ ဒေသတွင်းနိုင်ငံတွေကို တိုက်ခိုက်နေရခြင်း ဟာ နိုင်ငံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ စစ်ရေးအရင်းအမြစ်တွေကို တိုက်ခိုက်ဖို့ ကြိုးစားနေတာသာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
.
• အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဆက် က ဟောမုရေလက်ကြားကနေ ကုန်သွယ်ရေးသင်္ဘော တွေကို ထွက်သွားနိုင်ဖို့ လမ်းညွှန်ပေးနေတာဟာ စစ်ပွဲနဲ့ မဆိုင်တဲ့ သီးခြားအစီအစဉ်တစ်ခုသာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ Project Freedom လို့ခေါ်တဲ့ ဒီအစီအစဉ်က ယာယီသာဖြစ်ပြီး အီရန်ရဲ့ တိုက်ခိုက်မှု ကနေ အပြစ်မဲ့သင်္ဘောတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဟက်ဆက် က ဆိုပါတယ်။ အမေရိကန်ရဲ့ ကုန်တင် သင်္ဘော ၂ စီးဟာ ဟောမုရေလက်ကြားကို မနေ့က ဖြတ်သန်းနိုင်ခဲ့ပြီး တခြားကုန်တင်သင်္ဘော ၆ စီးကတော့ တိုက်ခိုက်မှုအချို့ကြောင့် နောက်ကြောင်းပြန်လှည့်သွားခဲ့ရပါတယ်။
.
• အီရန်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ခံနေရပြီးတဲ့နောက် ယူအေအီးက သူတို့နိုင်ငံရဲ့လေကြောင်းပိုင်နက် တစ်စိတ်တစ်ပိုင်းကို ပိတ်ထားလိုက်ပါတယ်။ လေယာဉ်တွေက သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ ကနေသာ မောင်းနှင်ရမှာဖြစ်ပြီး မေလ ၁၁ ရက်နေ့အထိ ပိတ်ထားဖို့ စီစဉ်ထားပါတယ်။ယူအေအီး ဟာ အီရန်ရဲ့ တိုက်ခိုက်မှု ကို အများဆုံး ခံနေရတဲ့ နိုင်ငံဖြစ်ပြီး မနေ့က တစ်ရက်တည်းမှာတင် အီရန်ရဲ့ ဒုံးကျည် ၁၉ လုံးနဲ့ ပစ်ခတ်မှုကို ခံထားရတာပါ။ ဒါပေမယ့် အဲဒီထဲက တစ်လုံးသာ နိုင်ငံတွင်းကျရောက်ခဲ့ပြီး ကျန်တဲ့ ၁၈ လုံးကိုတော့ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။
.
• လက်ဘနွန်၊ ပါကစ္စတန်နဲ့ အိန္ဒိယဝန်ကြီးချုပ်တွေက ယူအေအီးကို တိုက်ခိုက်နေတဲ့ အီရန်ရဲ့ လုပ်ရပ် အပေါ် တညီတညွတ်တည်း ဝေဖန်လိုက်ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့အချိန်မှာ ဒီလိုမျိုး ပစ်ခတ်နေတာက လက်ခံနိုင်စရာမရှိကြောင်းနဲ့ အီရန်ဟာ သမာသမတ်ကျတဲ့ စစ်ပွဲကို တိုက်နေတာ မဟုတ်တဲ့အကြောင်း သုံးနိုင်ငံဝန်ကြီးချုပ်တွေက မှတ်ချက်ပေးထားကြပါတယ်။
.
#KBZTai #International
.
No comments:
Post a Comment