ကျိုင်းတုံတွင် အရှိန်ထိန်း ကွန်ကရစ်ကုန်း အတားအဆီးများကြောင့် လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 5, 2026

ကျိုင်းတုံတွင် အရှိန်ထိန်း ကွန်ကရစ်ကုန်း အတားအဆီးများကြောင့် လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လုပ်သားရွာနှင့် တည်းခိုရေးစခန်းရှေ့သို့ ဆက်သွယ်ထားသည့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းပေါ်တွင် ပြုလုပ်ထားသည့် အရှိန်ထိန်း ကွန်ကရစ် ကုန်း အတားအဆီးများကြောင့် လမ်းသွားလမ်းလာများအတွက် အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု သိရသည်။

.

.

အဆိုပါ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းမှာ အရှည် ကိုက် ၁၀၀၀ ကျော်ခန့်သာ ရှိသော်လည်း လမ်းပေါ်တွင် ကန့်လန့်ဖြတ် တားဆီးထားသည့် အရှိန်ထိန်း ကွန်ကရစ်ကုန်း များမှာ လမ်းသား၏ အထက်သို့ လွန်စွာ မို့မောက်မြင့်တက်နေပြီး ယင်းလမ်းပေါ်တွင် အရှိန်ထိန်း ကွန်ကရစ်ကုန်း စုစုပေါင်း ၁၁ ခုအထိ ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

.

“လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို လိုက်နာကြဖို့အတွက် အရှိန်ထိန်း ကွန်ကရစ်ကုန်း လုပ်တာကို လက်ခံပါတယ်။ အခုက ဒီလမ်းမှာ အရေးပေါ် အသက်ကယ်လူနာတင်ယာဉ်နဲ့ မီးသတ်ကားဆိုရင် အဲဒီ အရှိန်ထိန်း ကွန်ကရစ်ကုန်းတွေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” ဟု ကျိုင်းတုံမြို့နေ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

.

ယင်း ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းပိုင်းသည် လုပ်သားရွာ၊ ပန်ဆွန်ရွာနှင့် ခုတင် ၃/၃၀၀ တပ်မတော် စစ်ဆေးရေးရုံအကြားတွင် တည်ရှိနေသည့် ကျေးရွာများမှ ဒေသခံများ နေ့စဉ် ယာဉ်မျိုးစုံဖြင့် အသွားအပြန် အသုံးပြုနေပြီး လမ်းပေါ်တွင် မို့မောက်မြင့်တက်နေသည့် အရှိန်ထိန်း ကွန်ကရစ် အတားအဆီးများကြောင့် ယာဉ်အောက်ပိုင်း ထိခိုက်ခြင်းနှင့် ကုန်းကို ဖြတ်ကျော်ရာတွင် ခုန်ကျသည့် အရှိန်ကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေသဖြင့် ပြုပြင်ပေးစေလိုသည်ဟု ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages