.
“တောင်ကြီးမြို့ကို Smart City ဖြစ်ဖို့အတွက်က လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ ကျူးကျော်ပြီး ဆိုင်ဖွင့် တာတွေ၊ အမိုးအကာ ဆွဲတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။ သတိပေးတာတော့ ကြာပါပြီ။ လိုက်နာဆောင်ရွက်မှု မရှိတဲ့ ဆိုင်တွေဆိုရင်တော့ ဆိုင်းဘုတ်တွေ၊ ချထားတဲ့ တာယာကွင်းတွေကို သိမ်းလာတယ်။ ဆိုင်ရှင်တွေကို စည်ပင်ရုံးကိုခေါ်ပြီး ပထမအကြိမ် သတိပေးလက်မှတ်ထိုး၊ အဲဒါမှ လိုက်နာမှု မရှိရင် စီမံခန့်ခွဲရေး ဒဏ်ကြေးရိုက်တာတွေ လုပ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမနှင့် အရှေ့/အနောက်မြို့ပတ်လမ်းမတစ်လျှောက်တွင် ဖွင့်လှစ် ရောင်းချသည့် ဈေးဆိုင်အချို့က လူသွားစင်္ကြန်ပလက်ဖောင်းပေါ်တွင် ပစ္စည်းများ ခင်းကျင်း ရောင်းချခြင်း၊ ဆိုင်ရှေ့လမ်းမပေါ်တွင် အတားအဆီးများ ပြုလုပ်၍ “ဆိုင်သို့လာသောကားများသာ ရပ်ရပ်” ဟူသော ဆိုင်းဘုတ်များ ချထားခြင်းတို့ကြောင့် လမ်းသွားလမ်းလာများအတွက် အခက်အခဲ ဖြစ်ပေါ်နေရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“တချို့ဆိုင်တွေက တော်တော် တရားလွန်တယ်။ ပလက်ဖောင်းပေါ်မှာလည်း ခင်းထားတယ်။ ပလက်ဖောင်း အောက် လမ်းမပေါ်မှာလည်း အတားအဆီးတွေ ချထားသေးတယ်။ လမ်းသွားတဲ့သူက လမ်းအလယ်က တက်လျှောက်ရမလို ဖြစ်နေတယ်။ မကြာခင် ကျောင်းတွေ ဖွင့်တော့မယ်။ ကျောင်းသား/သူတွေ ကျောင်းသွား/ကျောင်းပြန်တဲ့အခါ အဆင်မပြေဘူး။ အရေးယူရင် အကုန်လုံး ကျောသား ရင်သား မခွဲခြားဘဲ တစ်ပြေးညီ တစ်မြို့လုံးကို အရေးယူရမှာပါ” ဟု တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ၊ ပုဒ်မ ၆၉ (ဂ) တွင် မည်သူမျှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်း၊ အမိန့်များနှင့် ဖြစ်စေ ညီညွတ်မှုမရှိလျှင် လမ်းပေါ်တွင် လည်းကောင်း၊ လူသွားစင်္ကြန်ပေါ်တွင်လည်းကောင်း၊ လမ်းဘေးရှိရေစီးရေလာ မြောင်းပေါ်တွင် လည်းကောင်း ပိတ်ဆို့၍ စားပွဲ၊ ခုံတန်းလျား၊ သေတ္တာ၊ ဗျတ်၊ ကုန်ပစ္စည်း သို့မဟုတ် အခြား အရာဝတ္ထု တစ်ခုခုကို ခင်းကျင်းခြင်း၊ ဈေးရောင်းခြင်း မပြုရ ဟု ပြဌာန်းထားပြီး ပြဌာန်းချက်အား ဖောက်ဖျက်ကျူးလွန် ပါက စီမံခန့်ခွဲရေးဒဏ်ကြေး ချမှတ်ခြင်း၊ သတိပေးခြင်း၊ လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ယင်းဥပဒေ ပုဒ်မ ၇၇၊ ၇၈ နှင့် ၇၉ တို့တွင် ပြဌာန်း ဖော်ပြထားသည်။
.
#KBZTai #Shan #Taunggyi
.
.jpg)
No comments:
Post a Comment