.
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်သူများကို ရှမ်းပြည်နယ် စည်ပင် သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး
အမှိုက်စွန့်ပစ်သူအား သတင်းပေးနိုင်သူကို ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.မြို့သန့်ရှင်းသာယာလှပရေး၊
ပြည်သူလူထုကျန်းမာရေးနှင့် ရေကြီးရေလျှံမူ ကာကွယ်ရေးတို့အတွက် အမှိုက် များကို
လမ်းဘေးဝဲယာနှင့် ရေမြောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်း လုံးဝ မပြုလုပ်ရန်နှင့်
အမှိုက်သိမ်းယာဉ်ပေါ်သို့ စနစ်တကျ စွန့်ပစ်ရန် စည်ပင်သာယာရေးဌာနက အသိပေးနှိုးဆော်ထားပြီး
လမ်းဘေးဝဲယာနှင့် ရေမြောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်သည်ကို စစ်ဆေးတွေ့ရှိပါက
ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ အဆင့်ဆင့် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး
ဌာနက သတိပေးစာ ထုတ်ပြန်ထားသည်။
.
“စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေ
လိုက်နာဖို့အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန် တယ်။ ပြီးတော့ သတိပေးဆိုင်းဘုတ်တွေ လိုက်ကပ်ပါတယ်”
ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို တွေ့ရှိပါက
ပထမအကြိမ်အဖြစ် စီမံခန့်ခွဲရေးဒဏ်ကြေး ၅၀၀၀၀ ကျပ် ပေးဆောင်စေမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက
စည်ပင်သာယာရေးဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ တရားရုံးစွဲတင်ခံရပါက တရားရုံးက ထောင်ဒဏ်
သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ
၂ သိန်းကျပ်ထပ် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
.
ထို့အပြင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို
တွေ့ရှိပါက ဓါတ်ပုံမှတ်တမ်း အထောက်အထားဖြင့် စည်ပင် သာယာရေးဌာနသို့ သတင်းပို့ တိုင်ကြားနိုင်ပြီး
သတင်းပေးသူကို ဆုငွေ တစ်သိန်းကျပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ် အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည့်
တောင်ကြီးအီကို ကုမ္ပဏီမှာ အမှိုက်ကား ပုံမှန်လာရောက်သိမ်းဆည်းမှု မရှိခြင်းနှင့် အမှိုက်ခွန်ဈေးနှုန်း
မြင့်မားခြင်းကြောင့် လူထုများအကြား ဝေဖန်မှုများလည်း ရှိနေသည်။
.
“အမှိုက်ကားက မိန်းလမ်းပေါ်ပဲ နေစဉ်ပုံမှန်သွားတယ်။
ရပ်ကွက်ထဲတွေကျတော့ ပုံမှန်မလာဘူး။ အမှိုက် တွေက ပစ်ဖို့ရာကားမလာတော့ အိမ်မှာ စုပုံလာတယ်။
ဒါကြောင့် တချို့က ရေမြောင်းတွေထဲမှာ စည်းကမ်းမဲ့ စွန်ပစ်တာတွေလည်း ရှိလာတယ်။ အမှိုက်ကို
စည်းကမ်းတကျ ပစ်စေချင်ရင် အမှိုက်သိမ်းယာဉ် လည်း စနစ်တကျ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်”
ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီးအီကို ကုမ္ပဏီသည်
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆို၍
တောင်ကြီးမြိုပေါ်ရပ်ကွက်များအတွင်း အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို ပြီးခဲ့သည့်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment