.
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်
.
အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား သေဆုံးသည်အထိ
ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် Peter ဘားဆိုင်ပိုင်ရှင်
အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊
ယစ်မျိုးဥပဒေများဖြင့် ထပ်မံအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
.“ကလေးသူငယ်ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) ရယ် ယစ်မျိုးဥပဒေပုဒ်မ
၇၄ (ဃ) ထပ်ဖွင့်ထားပါတယ်။ ယစ်မျိုးကတော့ သတ်မှတ်စည်းကမ်းနဲ့ မညီတဲ့အတွက်ပါ။ လူသတ်မှုကတော့
သပ်သပ် ဖွင့်ထားပါတယ်။ အမှု ပေါင်းစပ်ပြီးရင် အထက်ကို တင်ပြပြီး သတင်းထုတ်ပြန်ဖို့
လုပ်ပါမယ်” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ
Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄
ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း
လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား
ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ
ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး
မေလ ၆ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်း၌
သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
.
သေဆုံးသူ မိန်းကလေးသည် ညောင်ရွှေမြို့နယ်၊
မင်းချောင်းလယ်ကျေးရွာမှ ယင်းဘားဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆
နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား
ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
.

No comments:
Post a Comment