သဘာဝဓါတ်ငွေ့ရည် (LNG)၊ ဒီဇယ်နှင့် ဓါတ်မြေဩဇာတင်သွင်းမှုများကို အခွန်ကင်းလွတ်ခွင့်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

သဘာဝဓါတ်ငွေ့ရည် (LNG)၊ ဒီဇယ်နှင့် ဓါတ်မြေဩဇာတင်သွင်းမှုများကို အခွန်ကင်းလွတ်ခွင့်ပြု

.

၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

.

ကုန်ဈေးနှုန်းတည်ငြိမ်စေရန် သဘာဝဓာတ်ငွေ့ရည် (LNG)၊ ဒီဇယ်ဆီနှင့် ဓာတ်မြေဩဇာ တင်သွင်းမှု များအပေါ် မေလကုန်အထိ အခွန်ကင်းလွတ်ခွင့် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ရန် အရေးပါသည့် သွင်းကုန်ပစ္စည်း ၃ မျိုးအပေါ် အခွန်ကင်းလွတ်ခွင့်များကို မေလ ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ တိုးမြှင့်ပေးရာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထိန်းညှိ ပေးနိုင်ရန်အတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် အကောက်ခွန်၊ အထူး ကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂%) ကို လည်းကောင်း၊  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂%) ကိုလည်းကောင်း ယခင်က ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပေးခဲ့ရာမှ ယခုအခါ မေလ ၃၁ ရက်အထိ ဆက်လက် ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

.

ထို့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်နှင့် ပြည်သူများ ဓာတ်အားခ သက်သာစေရန် အတွက် LNG တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် များကို မေလ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုကြောင်းလည်း ဘဏ္ဍာအခွန်က ထုတ်ပြန်ထားသည်။

.

အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် သတ်မှတ်ကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ကုန်စည်များအတွက်သာ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

No comments:

Post a Comment

Pages