တောင်ကြီးမြို့ပေါ်မှာ
ကားပစ္စည်း အရောင်းဆိုင်တန်းလို့ ဆိုလိုက်တာနဲ့ မြို့လယ်က ပြည်နယ်ဘောလုံးကွင်း
ဘေးပတ်လည် ဆိုင်ခန်းတွေကို ပြေးမြင်ကြတယ်။ ကားနဲ့ ဆက်စပ်ပတ်သက်တဲ့ အပိုပစ္စည်း
လိုအပ်ချက် ရှိရင် ဘောလုံးကွင်း ဆိုင်ခန်းတွေကို လမ်းညွှန်ကြတယ်။ ပြည်နယ်ဘောလုံးကွင်း
တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်ဆိုင် အများစုက ကား အပိုပစ္စည်း ရောင်းချတဲ့ ဆိုင်တန်းတွေ။
.
မြို့ပေါ် နေထိုင်သူတွေ ရပ်ဝေးကလာတဲ့ လူတွေ ကားအပိုပစ္စည်း လိုအပ်ချက်ရှိရင်
အားကိုးအားထား ပြုကြတဲ့ နေရာ တစ်ခုပေါ့။ သွားလာရေး လွယ်ကူသလို လိုအပ်ချက် မှန်သမျှ
တစ်နေရာတည်းမှာ အစုံအလင် ရနိုင်တဲ့ နေရာ။ ကားနဲ့ ဆက်စပ်တဲ့ အပိုပစ္စည်း လိုအပ်ရင် ဘောလုံးကွင်းတိုက်တန်း
သွားလို့ ဆိုစမှတ် ပြုကြရတဲ့အထိ။
.
တစ်နေ့က မြို့ထဲထွက်ရင်း ပြည်နယ်ဘောလုံးကွင်း ပတ်လည်က ပျက်စီးမှု အထွဋ်အထိပ်
ရောက်နေတဲ့ ကားပစ္စည်း ဆိုင်တန်းတွေကို တွေ့ရတယ်။ ဆိုင်ခန်း အားလုံး ရာနှုန်းပြည့်
နီးပါး ပျက်စီးနေကြတယ်။ အပျက်အစီးတွေနဲ့ မြို့လယ်ကောင်ရဲ့ အလှတရားက ဘယ်လိုမှ ပေါင်းစပ်
တွဲဖက် မြင်လို့ မကောင်းတဲ့
အကျည်းတန် မြင်ကွင်းလို့ ဆိုရမလား။
.
လမ်းမပေါ် လျှောက်သွားရင်း တချို့သော ဆိုင်ခန်းတွေဆီက ထုနှက် ရိုက်ခွဲနေတဲ့ အသံတချို့ကို
ကြားရတယ်။ ရိုက်ခွဲဖြိုဖျက်ဆဲ ဆိုင်ခန်းတချို့ ရှေ့မှာ ကွဲကြေနေတဲ့ အုတ်ကျိုးအုတ်ပဲ့တွေ
ဟိုနားတစ်စ ဒီနား တစ်ပုံနဲ့။ အဲဒီလို ကျိုးကြေပျက်စီးနေတဲ့ အုတ်ပျက်တွေရဲ့ နောက်ကွယ်မှာ
မျက်ရည်စက် တချို့ ရှိနေမလား။ ရှိနေရင်လည်း အဲဒီ မျက်ရည်စက်တွေက ဒီနေရာလေးမှာ နှစ်ပေါင်းများစွာ
မိသားစု ၀မ်းစာ ရှာဖွေခဲ့တဲ့ မျက်ရည်စက်တွေပဲ ဖြစ်လိမ့်မယ်။
.
ထုနှက် ရိုက်ခွဲနေတဲ့ အသံတွေကို ကျော်ပြီး ပျက်စီးနေတဲ့ ကားပစ္စည်း အရောင်းဆိုင်တန်းတွေကို
ဆက် ကြည့်မိတယ်။ ပျက်စီးနေတဲ့ ဆိုင်ခန်းတချို့ အတွင်းပိုင်းက အကာအကွယ် လုပ်လို့ ရနိုင်တဲ့
အခန်းငယ်လေးတွေ။ လတ်တလော မူးယစ်ဆေး သုံးစွဲလို့ ရနိုင်တဲ့ အခန်းငယ်တွေ ဖြစ်နေမလားဆိုတဲ့
အတွေး ၀င်လာတယ်။ မသမာသူတွေအတွက် မြို့လယ်မှာ နေရာကောင်း
တစ်ခု ဖန်တီးပေးထားသလို ဖြစ်နေမလားဆိုတာ ချင့်ချိန်စရာ တစ်ခု။
.
ပျက်စီးနေတဲ့ တချို့သော ဆိုင်ခန်းတွေထဲမှာ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်တွေကို
ခမ်းခမ်းနားနား တွေ့ရပြန်တယ်။ Smart City မဖြစ်ခင် အမှိုက် City
ဖြစ်ဖို့ အလားအလာ ကောင်းကြီး တစ်ခုလို့ ဆိုရမလား။ စီမံကိန်းကြီးက ဘယ်ဆီနား
မသိပေမယ့် မြို့လယ်ကောင် အမှိုက် City ကြီး ဖြစ်ဖို့ကတော့ မကြာခင်
ရက်ပိုင်းအတွင်း။
.
ပတ်၀န်းကျင် ပြောစကား တချို့အရ ကားပစ္စည်း ရောင်းချခဲ့တဲ့ ဈေးသည်အများစု
ခုချိန်ထိ ဘယ်နေရာမှာ ပြန် ဖွင့်ရမှန်း မသိ ဖြစ်နေကြတုန်းလို့ ဆိုတယ်။ သတ်မှတ်ပေးတဲ့
နေရာတွေက အခုမှ အုတ်မြစ်ချတုန်းလို့လည်း ဆိုကြပြန်တယ်။ တချို့တွေ မတတ်သာတဲ့ အဆုံး ပတ်စာခွာ
ဖျာသိမ်းပြီး အိမ်ကို ပြန်သယ်ကြတယ်လို့ သိရတယ်။ ပိုင်ဆိုင်မှုဆိုတာ ခိုင်မာမှု မဟုတ်လေတော့
နှင်ထုတ် မောင်းချခြင်းကိုလည် စင်းခံလိုက်ကြရတဲ့ သဘော။
.
မမြဲချင်းတရားဖက်က ပြန်တွေးကြည့်ရင်တောင် တရားပါ့မလားလို့ တစ်ခါ ပြန်တွေးမိတယ်။
တရားချင်း မတရားချင်း သဘောနဲ့ ဘယ်လိုပဲ ပြန်တွေးပါစေ ဈေးဆိုင်ခန်းတွေကတော့ ကျိုးခြင်း၊
ဖျက်ခြင်းနဲ့ အုတ်ပုံအတိ။ အခြေချ ရောင်း၀ယ် ဖောက်ကားခဲ့ဖူးတဲ့ ဈေးသည်တွေက
မိုးနဲ့အပြိုင် ရွာကျနေမလား။
.
ဖြိုချ ဖျက်ဆီးခံနေရတဲ့ ဈေးဆိုင်တွေကို ကျန်ခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က
နောက်ဆုံးထား ဖယ်ရှားခိုင်းတယ်လို့ သိရတယ်။ အဲဒီနေရာမှာ ခေတ်မီဆန်းသစ်တဲ့ အားကစားကွင်းကြီး
တည်ဆောက်မယ်လို့ ဆိုပါတယ်။ မုန့်ဆီကြော် ဘယ်နေမှန်း မသိပေမယ့် တချို့တွေ အခြေမဲ့။
မြို့လယ်ကောင်က တစ်စပြင်။ အစိတ်စိတ် အပိုင်းပိုင်း ပျက်စီးနေတဲ့ ဆိုင်ခန်းပျက်တွေက
မြို့အင်္ဂါရပ်နဲ့ သွေဖီနေတာတော့ အမှန်။
.
ပြည်နယ်ဘောလုံးကွင်း အရှေ့ဘက်က လူနေတိုက်ခန်းတွဲတွေကိုလည်း ရာဇသံ ပို့ထားကြောင်း
ကြားသိရပြန်တယ်။ လက်တွေ့ အကောင်အထည် ကျလာရင်အခြေကျအနေကျတွေ အခြေမဲ့၊ အနေမဲ့ ဖြစ်ကုန်မလား တွေးမိပြန်တယ် ။အစိုးရရဲ့ အစိုးမရခြင်းတွေ ကြား မြေစာပင်
ဖြစ်ဦးမယ့် အနေအထား။
.
ဒီဖြစ်စဉ်တွေကို ကြည့်ပြီး ကိုညီထွဋ် ဆိုထားတဲ့ သီချင်းစာသားလေး တစ်ခုကို
သတိရမိတယ်။ “အရှေ့နဲ့ အနောက်၊ တောင်နဲ့
မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ဝိုင်း”တဲ့။ နောက်ထပ် ခေါင်းထဲ
၀င်လာတဲ့ သီချင်းစာသား တစ်ခုက တောင်ကြီးသား အဆိုတော် ဒိုးလုံး ဆိုခဲ့တဲ့ “အဆိုးသံသရာ”။ ဘောလုံးကွင်း ဘေး တစ်ပတ်လည်လုံး အဆိုး သံသရာတွေ
ဝေနေသလားပေါ့။
.
မြို့ပျက်ကြီး တစ်ခုလို ဖြစ်နေတဲ့ မြို့လယ်ကောင်က အပျက်အစီးတွေကို Smart
City လား၊ အမှိုက် City လားဟု တွေးရင်း ကျောခိုင်းလိုက်တယ်။ တဖြောက်ဖြောက်
ကျလာတဲ့ မိုးပေါက်တွေက ပြိုပျက်နေတဲ့ မျက်ရည်စက်တွေ အတွက် အလွမ်းပေါ် အလွမ်း ဆင့်စေလားတော့
မပြောတတ်။ ။
.
❏ ဗျတ္တ
No comments:
Post a Comment