.
.
Grade-12 အောင်စာရင်းထဲမှာ နာမည်မပါခဲ့တဲ့ ကလေးတချို့
အနေနဲ့ အခုလိုအချိန်မှာ စိတ်ဓာတ်ကျတာ လေးတွေ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ လောကသဘောသဘာဝအရ
သွားရင်းလာရင်း ခလုတ်တိုက်မိ တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခလုတ်တိုက်မိပြီ ဆိုရင် ပြန်ထရတာ
လောကသဘောတရား တစ်ခုပါ။ ခလုတ်တိုက်မိလို့ လဲကျသွားရင် ပြန်လည်ထူထောင် တည့်မတ်နိုင်ဖို့ကသာ
အရေးကြီးတာပါ။
.
Grade-12 အောင်စာရင်းထဲ နာမည်မပါလာတဲ့ အတွက် ကလေးတို့
အနေနဲ့ မိမိကိုယ်ကို အရှုံးသမားလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ အကြောင်းရင်းက G-12 အောင်စာရင်းမှာ နာမည်မပါလည်း G-11 ကို ပြန်ဆင်း သွားရတာမှ
မဟုတ်တာ။ ခလုတ်တိုက်မိလို့ မတော်တဆ လဲကျရတဲ့လမ်းမှာ ခွန်အားအသစ်နဲ့ ပြန်လည် ဆက်လျှောက်နိုင်ဖို့သာ
ဖြစ်ပါတယ်။ မီးပုံထဲကဖီးနစ်စ်ငှက်လို ပြန်လည်ရုန်းထမှသာ လိုရာခရီးကို ရောက်တော့မှာပေါ့။
.
G-12 ဆိုတဲ့ အထက်တန်းကျတဲ့ နေရာတစ်ခုကိုရောက်ဖို့
ကလေးတို့ ဖြတ်သန်းလာတဲ့ နှစ်ကာလ အပိုင်း အခြား က ဆယ်စုနှစ်တစ်ခု မကပါဘူး။ မူကြိုအရွယ်
လူမမယ်က စတွက်ရင် အနည်းဆုံး ဆယ့်ငါးနှစ် လောက် ရှိပါလိမ့်မယ်။ ဒီလောက် နှစ်ကာလများစွာ
ရေဆန်ခရီးကို အပြင်းနှင်လာပြီးမှ G-12 ဆိုတဲ့ ခလုတ်လေး တစ်ခါတိုက်မိရုံနဲ့
ခွန်အားတွေ လျှော့ချလိုက်ရင် ပညာဆိုတဲ့ လောကဓံကို အရှုံးပေးရာ ရောက်သွားမှာပေါ့။
.
G-12 ဆိုတဲ့ ပညာလောကဓံက အခြေခံပညာ အထက်တန်းအဆင့်
ကလေးများအတွက် အချိုးအကွေ့ ကြီးမားတဲ့ လမ်းတစ်ခုလို့ ဆိုကြတယ်။ G-11 အထိ ခလုတ်မထိ ဆူးမငြိတဲ့လမ်းက G-12 မှာ ခလုတ်တိုက်မိ
တတ်တာမျိုး ကြုံရနိုင်တယ်။ တစ်ကြိမ် ပြန်ထရုံနဲ့ မလုံလောက်ဘဲ အကြိမ်ကြိမ် ပြန်ထမှ လိုရာခရီး
ရောက်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ လဲရင်ပြန်ထ ဒါဘဝ ဆိုတဲ့ စကားက နေရာတိုင်းနဲ့ သက်ဆိုင်တဲ့
စကားရပ်တစ်ခုပါ။
.
G-12 မအောင်လည်း လူ့လောကကြီးမှာ ရပ်တည်လို့
ရပါတယ်။ ရပ်တည်နေတဲ့ လူတွေလည်း အများကြီးလို့ ဆိုကြတယ်။ အတိုင်းအတာတစ်ခုအထိ မှန်ပါလိမ့်မယ်။
ကျောထောက်နောက်ခံ ကောင်းတဲ့သူတွေ အတွက် အရေးမကြီးပေမဲ့ သာမန်လူတန်းစား အတွက်တော့ အရေးပါပါတယ်။
လက်မှတ်တစ်စောင်က လုပ်ငန်းခွင်မှာ နေရာတစ်ခု ရဖို့အတွက်တော့ အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။
.
G-12 လို့ဆိုတဲ့ ယခင် ဆယ်တန်း မအောင်ခဲ့တဲ့ လူလတ်ပိုင်းတစ်ဦးအကြောင်း
ဥပမာ ပြလိုပါတယ်။ သူက တောင်ကြီးမြို့ထဲက ကုမ္ပဏီတစ်ခုမှာ လုပ်သက် ၁၅ နှစ်ကျော် ရှိနေပါပြီ။
အလုပ်စဝင်တည်းကနေ အခုချိန် ထိ အခြေခံလုပ်သား အဆင့်မှာပဲ ရှိပါတယ်။ အကြောင်းရင်း မေးကြည့်တော့ဆယ်တန်း
မအောင်၊ ဘွဲ့မရခဲ့လို့ ဒီနေရာ၊ ဒီအဆင့်မှာပဲ သောင်တင်နေရတယ်လို့ ဆိုတယ်။ လက်မှတ်တစ်စောင်သာ
ရှိခဲ့ရင် ဒီအချိန် မန်နေဂျာလောက် ဖြစ်ပြီလို့ ဆိုတယ်။
.
G-12 ဆိုတဲ့အချိုးအကွေ့က ကျောင်းသား/ကျောင်းသူတိုင်းအတွက်
ရေဆန် လေထန် လှိုင်းကြမ်းတဲ့ လမ်း တစ်ခုပါ။ သာမန်မျှလောက်နဲ့ ညာသံပေးဖို့
မဖြစ်နိုင်ပါဘူး။ လှေကားထောင်ပြီး လက်တစ်လံလောက် မြှောက်ထားနိုင်မှ ရင်ဘတ်လောက် ကျန်အောင်
မဝံ့မရဲ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အဆမတန် ကြိုးစားမှုက အခရာကျပါတယ်။ လွယ်လွယ်နဲ့
စံပယ်ပွင့်ရိုးထုံးစံမရှိ ဆိုတဲ့ စကားရပ်လိုပါပဲ။
.
G-12 အောင်မြင်ဖို့ ကြိုးစားသူတိုင်းအတွက် မိဘများရဲ့
တွန်းအားကလည်း အရေးကြီးလှပါတယ်။ လျှပ်စစ် မီးလုံး တီထွင်သူ အက်ဒီဆင်ဟာ သူ့မိခင်ကြီးရဲ့
ဉာဏ်အမြော်အမြင်ကြောင့် အောင်မြင်မှု ရလာတယ်လို့ ဆိုနိုင်ပါတယ်။ အက်ဒီဆင် ကျောင်းနေတဲ့အရွယ်မှာ
ကျောင်းဆရာမက သူ့မိခင်ဆီ အိတ်ပိတ်စာတစ်စောင် ပေးလိုက်ပါတယ်။ စာထဲက အကြောင်းအရာကို အက်ဒီဆင်ရဲ့
မိခင်က သူ့ကို ဖတ်ပြတယ်။ လူကြီးမင်းရဲ့ သားက အလွန်အင်မတန် တော်တဲ့အတွက် သူတို့ကျောင်းမှာ
အက်ဒီဆင်လောက် တော်တဲ့ သင်ကြားရေး ဆရာ မရှိတဲ့အတွက် ကိုယ်တိုင်ပဲ စာသင်ပေးလိုက်ပါတဲ့။
.
အမှန်တကယ် စာထဲမှာပါတဲ့ အကြောင်းအရာက အက်ဒီဆင်ဟာ
အလွန်အင်မတန် ညံ့ဖျင်းနေတဲ့ အတွက် ကျောင်းက လက်မခံနိုင်တဲ့အကြောင်းပါ။ သို့သော် မိခင်က
အက်ဒီဆင် အလွန်အင်မတန်တော်တဲ့ အကြောင်းကို ပြောပြီး လမ်းကြောင်းမှန်ပေါ် ရောက်အောင်
တင်ပေးခဲ့ပါတယ်။ ကလေးတစ်ယောက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ဖို့ မိဘရဲ့ တွန်းအားက
ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သက်သေပြနေတဲ့ သာဓကတစ်ခုပါ။
.
G-12 ဆိုတဲ့ မာယာများတဲ့လမ်းက ကလေးတိုင်းအတွက် ခလုတ်တိုက်မိ
တတ်ကြပါတယ်။ အဓိက ကတော့ ခလုတ်တိုက်မိတဲ့ နေရာကနေ ပြန်ထပြီး ရေဆန်လေထန် ခရီးကြမ်းကို
ဖြတ်ကျော်နိုင်ဖို့ပါ။ နာရီဆိုတဲ့ စကားလေး လူတိုင်းသိကြပါလိမ့်မယ်။ သာမန်အားဖြင့်တော့
အချိန်ကို သိနိုင်ဖို့ အသုံးပြုကြပါတယ်။ ခလုတ်တိုက်မိတဲ့ ကလေးများကတော့ အခုချိန် ခပ်နာနာ
ပြန်ကြိုးစားရင် လာမယ့် အောင်စာရင်းထွက်တဲ့ အချိန် ရီရမှာ ဖြစ်ပါတယ်။
.
G-12 မှာခလုတ်တိုက်ပြီး မတော်တဆ လဲကျသွားရတဲ့ ကလေးများ
အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်ဖို့ အခုချိန် ခပ်နာနာ ပြန်ကြိုးစားပြီး နောက်တစ်ကြိမ်
အောင်စာရင်းထွက်ချိန်မှာ ရီနိုင်ကြပါစေကြောင်း။
။
.

No comments:
Post a Comment