ဟိုပုံးမြို့ပေါ်တွင် ရပ်နား/ကုန်တင်ကုန်ချပြုလုပ်သည့် ကားကြီးများကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

ဟိုပုံးမြို့ပေါ်တွင် ရပ်နား/ကုန်တင်ကုန်ချပြုလုပ်သည့် ကားကြီးများကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ရပ်နားကာ ကုန်တင်ကုန်ချ ပြုလုပ်သည့် ကားကြီးများကြောင့် ယာဉ်ကြော ပိတ်ဆိုပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

.

ဟိုပုံးမြို့မှ တောင်ကြီးဘက်အထွက်၊ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် အဝေးပြေးခရီးသည်တင်ကားကြီးများ၊ ကုန်ကားများက ကုန်တင်ကုန်ချ ပြုလုပ်နေကြခြင်းဖြစ်ပြီး ယာဉ်ကြော မြင်ကွင်းပိတ်ဆို့နေသည့်အတွက် မလိုလားအပ်သည့် အန္တရယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“ဟိုပုံးပြည်ထောင်စုလမ်းမှာ မနက်တိုင်း ဂိတ်တွေမှာ ကုန်တင်ကုန်ချလုပ်တာတွေ၊ ကားရပ်ပြီး မနက်စာ စားကြတာတွေ လုပ်တယ်။ ကားကြီးတွေက လမ်းမပေါ်ရပ်ထားကြတော့ လမ်းသွယ်က ထွက်လာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေက လမ်းကြောရှင်း/မရှင်း မမြင်ရတော့ဘဲ ယာဉ်တိုက်မှုတွေ ဖြစ်မှာကို စိုးရိမ် နေပါတယ်” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြေသည်။

.

အဆိုပါ ကားကြီးများသည် နေ့စဉ် မနက် ကားဝင်ချိန်နှင့် ညနေပိုင်း ကားမထွက်မီ အချိန်များတွင် အများဆုံး ရပ်နားကြခြင်းဖြစ်ပြီး ကျောင်းသွား/ကျောင်းပြန်ချိန်၊ ယာဉ်အသွားအလာ ရှုပ်ထွေးချိန်လည်း ဖြစ်သည့် အတွက် မရပ်နားသင့်ကြောင်း ဒေသခံများက ပြေဆိုကြသည်။

.

“အခုက ကျောင်းဖွင့်ချိန်လည်းဖြစ်တော့ မနက် ကလေးတွေ ကျောင်းသွားချိန်၊ သံဃာတော်တွေ ဆွမ်းခံ ကြွချိန်ဖြစ်တော့ အန္တရာယ် များပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

.

ဟိုပုံးမြို့ပေါ်တွင် ပြည်ထောင်စုလမ်းမ အပြင် မွေတော်ဘုရားကြီးရှေ့၊ သီရိမင်္ဂလာလမ်းနှင့် မြို့တွင်း နေရာအချို့ တွင်လည်း ယင်းကဲ့သို့ ကားကြီးများ ရပ်နားမှုရှိနေပြီး လမ်းပိတ်ဆို့မှုနှင့် ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

ဟိုပုံးမြို့တွင် အခြေစိုက်၍ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း ၁၀ ခုခန့် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages