.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အား
နယ်စပ်မြို့တစ်မြို့၏ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပပြီး အမှိုက်ကင်းစင်သော
မြို့တစ်မြို့အဖြစ် ဖော်ဆောင်နိုင်ရေးအတွက် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ
အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက
မြို့နယ်စည်ပင် သာယာရေးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.“တာချီလိတ်မြို့က နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့အတွက်
အမှိုက်တွေ ဒီထက်ပိုပြီး ပြောင်အောင် သိမ်းနိုင်ဖို့၊ သူ့သတ်မှတ်ရက်၊ သတ်မှတ်အချိန်တွေမှာ
အချိန်မှန် အမှိုက်သိမ်းနိုင်ဖို့၊ ဗိုလ်ချုပ်လမ်းမကြီးနဲ့ အများပြည်သူ နဲ့ သက်ဆိုင်တဲ့
နေရာတွကို စည်ပင်သာယာဌာနနဲ့ ပူးပေါင်းပြီး သိမ်းဆည်းဖို့၊ ချောင်းတွေ၊ မြောင်းတွေမှာ
အမှိုက်မပစ်ဖို့ ကုမ္ပဏီနဲ့ စည်ပင်နဲ့ ပူးပေါင်းပြီး ကြပ်မတ်ဖို့ ဆွေးနွေးခဲ့ပါတယ်”
ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အစည်းအဝေးတွင် တာချီလိတ်မြို့
အမှိုက်သိမ်းဆည်းရေးလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် UBL ပုဂ္ဂလိကအမှိုက်သိမ်းဆည်းရေးကုမ္ပဏီ
မန်နေဂျာ စိုင်းလုံးကျောက်က လက်ရှိ အမှိုက်သိမ်းဆည်းရေးလုပ်ငန်း များ
ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို Video
Clip ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး တာချီလိတ်မြို့နယ်
စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်မြို့တွင်း
အမှိုက်ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးတို့အတွက်
လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့်
ချောင်းမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက်
အမိန့်ကြော်ငြာစာများ ထုတ်ပြန်တားမြစ်ကာ စည်ပင်သာယာရေးဥပဒေနှင့်အညီ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment