တောင်ကြီးမြို့နယ်၊ ရေပူနှင့် ဆင်တဲကျေးရွာအနီးရှိ ပန်းပေါင်းစက်ရုံမှ အနံ့ဆိုးများ ထွက်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

တောင်ကြီးမြို့နယ်၊ ရေပူနှင့် ဆင်တဲကျေးရွာအနီးရှိ ပန်းပေါင်းစက်ရုံမှ အနံ့ဆိုးများ ထွက်ပေါ်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူနှင့် ဆင်တဲကျေးရွာကြားရှိ ပန်းပေါင်း စက်ရုံမှ အနံ့ဆိုးများ ထွက်ပေါ်နေပြီး အနီးဝန်းကျင်ကျေးရွာများရှိ ‌ဒေသခံများ၏ ကျန်းမာရေး ထိခိုက်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

.

ထို့အပြင် ယင်း ပန်းပေါင်းစက်ရုံမှ ထွက်ရှိသော အနံ့အသက်ဆိုးများသည် စက်ရုံနှင့် အနီးဝန်းကျင် ကျေးရွာ များရှိ ရေအရင်းအမြစ်များကိုပါ ထိခိုက်စေပြီး ငါသေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

.

“စက်ရုံက နေ့တိုင်းလည်ပတ်နေတာ။ အနံ့အဆိုးတွေကတော့ ဒီကနေ ၁၂ မိုင်လောက် ဝေးတဲ့ ပင်ဖြစ် လောက်အထိတောင် နံနေပြီ။ စာသင်ကျောင်းတွေမှာလည်း ဆရာမတွေ၊ ကလေးတွေက Mask တွေ တပ်ပြီး သင်ရတဲ့ အနေအထားကို ရောက်နေပြီ။ ရွာက လူကြီးတွေ သွားပြောတယ်လို့တော့ ကြားတယ်။ ဘယ်လို ညှိနှိုင်းထားသလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည့် စက်ရုံမှာ မာရီဂိုးလ် ပန်းပေါင်းစက်ရုံ ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ကတည်းက စက်ရုံ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ၂၀၂၆ ခုနှစ်၊ မေလကုန်၊ ဇွန်လဆန်း ကျောင်း ဖွင့်ချိန်တွင် စက်ရုံစတင်လည်ပတ်ပြီး အနံ့ဆိုးများ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ရောဂါအခံရှိတဲ့သူမှ မဟုတ်ဘူး၊ လုံးဝ ရောဂါမရှိတဲ့သူတောင်မှ ဒီအနံ့ကြောင့် သေသွားနိုင်တယ်။ မိလ္လာ အနံ့ဆိုးလိုမျိုးကို နေ့စဉ် ရှူနေရတာပါ။ ဒေသခံ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အများအတွက် ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ စက်ရုံက လုံးဝ မလည်ပတ်တော့ရင် ကောင်းပါတယ်” ဟု အခြား ဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မာရီဂိုးလ် ပန်းပေါင်းစက်ရုံမှ မန်နေဂျာ ဦးမြရီအား ဆက်သွယ်မေးမြန်းရာတွင် “စက်ရုံက အခုမှ ပြီး စ ပါ။ အနံ့မထွက်အောင်လည်း လုပ်ပေးနေပါတယ်။ စက်ရုံတာဝန်ခံ စက်ရုံမှူးတွေကို လည်း တင်ပြထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးနှင့် ဆင်တဲကျေးရွာအကြား နောင်ကား (မြောက်ရွာ) သွားလမ်းဘေးရှိ အဆိုပါ ပန်းပေါင်းစက်ရုံကို Myanamar Pure Plant Extracts ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages