ဥရောပမှာ အပူလှိုင်းကြောင့် ၈ ရက်အတွင်း လူ ၁၃၀၀ ကျော် သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

ဥရောပမှာ အပူလှိုင်းကြောင့် ၈ ရက်အတွင်း လူ ၁၃၀၀ ကျော် သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

.

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်အတွင်း ဥရောပမှာ အပူလှိုင်းနဲ့ ဆက်စပ် သေဆုံးမှုပေါင်း ၁၃၀၀ ကျော်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ကြေညာထားပါတယ်။ ဥရောပတစ်ဝှမ်းမှာ ဇွန်လ ၂၈ ရက်ကလည်း အပူစံချိန်တွေ ထပ်မံမြင့်တက်ခဲ့ပြီး ဂျာမနီ၊ ပိုလန်နဲ့ချက်မှာ အလွန်ပြင်းထန်တဲ့ အပူလှိုင်းတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

.

.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့အကြီးအကဲ တက်ဒ်ရို့စ် က “ဇွန်၂၁ ရက်ကစပြီး ဥရောပမှာ အပူချိန် မြင့်မားမှုနဲ့ ဆက်စပ်တဲ့ သေဆုံးမှု ၁၃၀၀ ကျော်ရှိခဲ့ပြီ” လို့ လူမှုကွန်ယက်မှာ ရေးသားသွားခဲ့တာပါ။

.

“ဥရောပက အိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ ကျောင်းတွေက ဒီလိုအပူချိန်ကို ကာကွယ်နိုင်ဖို့ တည်ဆောက် ထားတာ မဟုတ်တဲ့အတွက် အပူကြောင့်ဖြစ်တဲ့ ဖိစီးမှုတွေက ပိုပြီးတိုးလာနေကြတာပါ” လို့ တက်ဒ်ရို့စ်က ဆိုပါတယ်။

.

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ နိုင်ငံတွင်း မမျှော်လင့်ဘဲ သေဆုံးသူ ၁၀၀၀ လောက်ရှိလာပြီး အသက် ၆၅ နှစ်နဲ့အထက် သေဆုံးသူတွေ အများဆုံးဖြစ်တယ်လို့ သိရတာပါ။ ဒါ့အပြင် နေအိမ်အတွင်း သေဆုံးသူ အရေအတွက်ကလည်း ၄၀ ရာခိုင်နှုန်းအထိ မြင့်တက် လာတယ်လို့ ဖော်ပြထားပါတယ်။

.

ဇွန်လ ၂၈ ရက်မှာ ဂျာမနီနိုင်ငံအရှေ့ပိုင်းဒေသတွေက အပူချိန် ၄၁ ဒသမ ၇ ဒီဂရီအထိ ရောက်ခဲ့ပြီး သုံးရက်ဆက် စံချိန်တင်အပူဆုံးနေ့ဖြစ်ခဲ့တာပါ။ ပိုလန်နယ်စပ်အနီးက ကော့စ်ရှန်မြို့မှာလည်း ၄၁ ဒသမ ၇ ဒီဂရီအထိ အပူချိန် ရှိခဲ့ပါတယ်။

.

ချက်သမ္မတနိုင်ငံမှာတော့ ဂျာမနီနဲ့ပိုလန်တို့ထက် အပူချိန်အနည်းငယ်လျော့ခဲ့ပြီး ၄၁ ဒသမ ၁ ဒီဂရီ စင်တီဂရိတ် ရှိခဲ့တာပါ။ ဒီအပူချိန်က ချက်နိုင်ငံအတွင်း အပူချိန်အမြင့်ဆုံးစံချိန်လည်း ဖြစ်လာခဲ့ပါတယ်။

.

ရာသီဥတုအပူချိန် မြင့်တက်လာနေမှုကြောင့် ဥရောပနိုင်ငံတချို့မှာ အရေးပေါ်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ရတဲအပြင် စာသင်ကျောင်းတွေကိုပါ ပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

.

နယ်သာလန်နိုင်ငံမှာ ဂီတပွဲတော်တွေ ရွှေ့ဆိုင်းခဲ့ရသလို ပြင်သစ်မှာလည်း လမ်းပေါ်မှာ အရက်သေစာ သောက်စားခြင်းကို တားမြစ်ထားခဲ့ပါတယ်။

.

ပြင်သစ်နိုင်ငံက တခြားဥရောပနိုင်ငံတွေထက် အပူဒဏ်ကို ပိုခံစားနေရပြီး လူသေဆုံးမှုကလည်း တခြားနိုင်ငံ တွေထက် မြင့်တက်နေတာပါ။ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန့်နူနက်ဇ်ကတော့ ပြင်သစ်မှာ အပူလှိုင်း စတင်တဲ့အချိန်ကတည်းက စလို့ လူတွေ ရေကူးဖို့ကိုသာ အာသီသရှိနေကြပြီး ရေနစ်သေဆုံးသူ ၇၄ ဦးအထိ ရှိလာခဲ့ပြီလို့ ပြောဆိုထားပါတယ်။

.

လက်ရှိမှာဖြစ်ပေါ်နေတဲ့ အပူလှိုင်းက Heat Dome လို့ ခေါ်တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပြီး လေထုအတွင်းမှာရှိတဲ့ လေက အောက်ဖက်ဆီ ဖိဆင်းလာတာကြောင့် မြေပြင်မှာ ဖိအားတက်လာပြီး အပူချိန်မြင့်တက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်က တိမ်တွေကို ကင်းရှင်းစေတာမို့ နေရောင်က မြေပြင်ကို တိုက်ရိုက်ထိလာခဲ့ပြီး အပူလှိုင်းကို ပိုမိုပြင်းထန်စေတာလို့ မိုးလေဝသပညာရှင်တွေက ဆိုကြပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages