ဇွန်လ ၂၅ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဗင်နီဇွဲလားနိုင်ငံမှာ
ပျောက်ဆုံးသူ ၅၁၀၀၀ ကျော် ရှိနေဆဲ ဖြစ်ပြီး အသက်ရှင် ကျန်နေသူတွေကို
ရှာဖွေဖို့အတွက် အရေးကြီးတဲ့ ၇၂ နာရီ အချိန် သတ်မှတ်ချက် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အကြောင်း
အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။
.
အင်အားပြင်း ငလျင်လှုပ်ခတ်မှု အပြီး ၃ ရက်ကြာတဲ့အထိ ဗင်နီဇွဲလား
ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင် ကျန်နေသူတွေကို ရှာဖွေနေကြဆဲ ဖြစ်ပြီး သေဆုံးသူ ဦးရေကလည်း
လက်ရှိ အချိန်အထိ ၁၄၃၀ ဦး ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
.
ဗင်နီဇွဲလားရဲ့ လာဂွီရာ ကမ်းရိုးတန်းဒေသကို အကြီးအကျယ် ပျက်စီးစေခဲ့တဲ့
ငလျင် နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျခဲ့ပြီး ပျောက်ဆုံးသူတွေ
အများအပြား ရှိနေခဲ့တာပါ။
.
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ယာဉ်ကြော ပိတ်ဆို့မှုတွေက အနှောင့်အယှက် ပေးနေတဲ့အကြောင်း
အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။
အစိုးရရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ မလုံလောက်တာကြောင့် ဒေသခံတွေက အပျက်အစီးပုံတွေကို
လက်ဗလာနဲ့ တူးဖော်နေကြရတာတွေလည်း ရှိနေတာပါ။
.
လာဂွီရာ ဝန်းကျင်ဒေသတွေကို ဝင်ရောက် လိုသူတွေအနေနဲ့ တရားဝင် ခွင့်ပြုမိန့်
ရယူရမယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ အဆိုးရွားဆုံး
ထိခိုက်ခံထားရတဲ့ ဒေသတွေမှာ အစိုးရရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အနည်းငယ်သာ
တွေ့ရတဲ့အကြောင်း မှတ်ချက်ပေးနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအပေါ်
မေးခွန်းထုတ်နေကြတာပါ။
.
အစိုးရ တပ်ဖွဲ့တွေက လာဂွီရာမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက်
စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးခဲ့ကြပြီး ယာယီသမ္မတ ရိုဒရီဂွက်ဇ်ကလည်း
အသက်ရှင် ကျန်နေသူတွေကို ကယ်တင်ဖို့ အစိုးရအနေနဲ့ အပြည့်အဝ ဆောင်ရွက်နေကြောင်းနဲ့
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
.
မာဒူရိုရဲ့လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်ခဲ့တဲ့ ရိုဒရီဂွက်ဇ်က မာဒူရို
ကို အမေရိကန်ဖမ်းဆီးသွားတဲ့ ဇန်နဝါရီက စပြီး ဗင်နီဇွဲလားရဲ့ ယာယီသမ္မတ
ဖြစ်လာခဲ့တာပါ။ ဗင်နီဇွဲလား နိုင်ငံအတွင်းမှာ ငလျင်ကြောင့် ဖြစ်ပေါ်နိုင်တဲ့
ပျက်စီးဆုံးရှုံးမှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံအထိ ရှိနိုင်တယ်လို့
တွက်ချက်မှုတွေလည်း ရှိနေပါတယ်။
.
လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံအတွင်း ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့်
အဆက်အသွယ် မရသူတွေ အများအပြား ရှိသလို စနေနေ့ နေ့လည်ပိုင်းအထိ ဒဏ်ရာ ရရှိသူ ၅၀၀၀
ကျော်ရှိနေပြီး လူ ၃၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း အာဏာပိုင်တွေက
ပြောပါတယ်။
.
နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီရဲ့ ဒါရိုက်တာ ကက်စ် ကတော့
ဗင်နီဇွဲလားနိုင်ငံအတွင်းကို နိုင်ငံတကာက ကယ်ဆယ်ရေး ဝန်ထမ်း ၁၆၀၀
ရောက်ရှိနေပြီဖြစ်တဲ့အကြောင်းနဲ့ အဓိက လေဆိပ်ရဲ့ ပျက်စီးနေတဲ့ပြေးလမ်းကို
ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် အကူအညီပစ္စည်းတွေ ပို့ဆောင်နိုင်ပြီဖြစ်တဲ့အကြောင်း
သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
.
ငလျင်ကြောင့်အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ ချာကာအို ဒေသမှာတော့
အသက်ရှင်ကျန်ရစ်သူတွေကို တွေ့နိုင်မယ့် မျှော်လင့်ချက် နည်းပါးလာနေပြီး
ကယ်ဆယ်ရေးသမားတွေရဲ့ ပြောဆိုချက်တွေအရ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရဖို့ ၁
ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ လက်ခံထားကြတာပါ။ ဒီအခြေအနေတွေ အရတော့
ဗင်နီဇွဲလားနိုင်ငံရဲ့ သေဆုံးသူ ဦးရေစာရင်းက နောက်ထပ် ၁၀ ဆလောက်
မြင့်တက်လာနိုင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက သုံးသပ်ထားကြပါတယ်။
.
Source – Aljazeera
.
#KBZTai #Shan #International #Venezuela #Earthquake

No comments:
Post a Comment