.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်
.
အီရန်ဖက်က ပနားမားအလံတင် သင်္ဘောတစ်စီးကို
ဒရုန်းတိုက်ခိုက်မှု ဆက်လက်လုပ်ပြီးတဲ့နောက် အမေရိကန် ကလည်း အီရန်နိုင်ငံအတွင်းက
ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့လို့ တင်းမာမှုတွေ
ပြန်လည်စတင်လာကြပြန်ပါပြီ။
.
.ဇွန်လ ၂၇ ရက်၊ စနေနေ့မှာ ပြုလုပ်ခဲ့တဲ့
အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှု ပြီးတဲ့နောက် အမေရိကန်ဖက်က တိုက်ခိုက်မှုတွေကို
ချက်ချင်းပြုလုပ်ခဲ့တာဖြစ်ပြီး အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့
အပြန်အလှန်စွပ်စွဲမှုတွေ ပြုလုပ်နေကြတာပါ။
.
အမေရိကန် လေကြောင်းဌာနချုပ်က ကုန်သွယ်သင်္ဘော
လမ်းကြောင်းအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့
အီရန်နိုင်ငံအတွင်းမှာရှိတဲ့ စစ်ပစ္စည်းသိုလှောင်ရုံတွေ၊ ဆက်သွယ်ရေးစနစ်တွေ၊
လေကြောင်းကာကွယ်ရေး နေရာတွေနဲ့ ဒရုန်းသိုလှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း
ထုတ်ပြန်ထားပါတယ်။
.
အီရန်ဖက်လည်း အပြန်အလှန်အနေနဲ့ ကူဝိတ်နဲ့
ဘာရိန်းမှာရှိတဲ့ အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့
ပစ်ခတ်ခဲ့တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာမှာ ထုတ်ပြန်ခဲ့တာပါ။
.
အီရန်ဖက်က ထိုင်ဝမ်ပိုင်သင်္ဘောကို
ဒရုန်းနဲ့ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာ ပနားမားသင်္ဘောကို
တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာပါ။ အီရန်ရဲ့ထုတ်ပြန်ချက်အရတော့
ရေကြောင်းစည်းမျဉ်းတွေ မလိုက်နာတဲ့ သင်္ဘောတွေကို ပစ်ခတ်မှု ပြုလုပ်သတိပေးခဲ့တာ
ဖြစ်ပြီး အဲဒီကိစ္စကြောင့် အမေရိကန်ဖက်က အီရန်ရဲ့ စစ်ရေးစခန်း ၅ ခုကို
တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။
.
ဒါ့အပြင် အမေရိကန်ရဲ့တိုက်ခိုက်မှုကို
လက်တုံ့ပြန်တဲ့အနေနဲ့ ကူဝိတ်မှာရှိတဲ့ အလီ အယ်လ်ဆာလမ် စခန်းနဲ့ ဘာရိန်းမှာရှိတဲ့
ပေါ့တ်ဆယ်လ်မန် ရေတပ်စခန်းက အရေးကြီးတဲ့ အဆောက်အအုံ ၈ လုံးကို ဒုံးကျည်တွေ၊
ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ် လို့လည်း ပြောဆိုထားပါသေးတယ်။
.
ဒီလအစောပိုင်းမှာ လက်မှတ်ရေးထိုးထားတဲ့
သဘောတူညီချက်အရတော့ အီရန်က ဟောမုဇ်ရေလက်ကြား မှာ သင်္ဘောတွေရဲ့သွားလာရေးကို
ပိုမိုထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပြီး စည်းကမ်းချိုးဖောက်တဲ့ သင်္ဘောတွေကို
တင်းကြပ်စွာ ကိုင်တွယ်မယ်လို့ ထုတ်ပြန်ထားတာပါ။
.
အမေရိကန်ရဲ့နောက်ဆုံးတိုက်ခိုက်မှု
မပြုလုပ်ခင်အချိန်မှာ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာကနေ “အီရန်က
သင်ခန်းစာမယူနိုင်ဘူး” ဆိုတဲ့အကြောင်း ပို့စ်တင်သွားခဲ့ပါတယ်။
.
“အမေရိကန်က သည်းခံနိုင်တဲ့အခြေအနေ
ကုန်ဆုံးသွားပြီဆိုရင် စစ်ရေးအရ ဆောင်ရွက်စရာရှိတာတွေကို အောင်မြင်အောင်
လုပ်သွားမှာပါ။ အဲဒီအချိန်ကျရင် အီရန်နိုင်ငံဆိုတာလည်း ရှိတော့မှာမဟုတ်ဘူး” လို့
ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားသွားတာဖြစ်ပါတယ်။
.
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြီးမှာ
ကူဝိတ်နဲ့ဘာရိန်းနိုင်ငံတွေက သူတို့ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို
စတင်အသုံးပြုခဲ့ပြီး နိုင်ငံတွင်းမှာ လေကြောင်းအချက်ပေးမှု တွေကိုလည်း
ပြုလုပ်ခဲ့ကြရတာပါ။
.
အမေရိကန်နဲ့အီရန်တို့ရဲ့ ဇွန်လ ၁၇ မှာ
လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်မှာတော့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့
သဘောတူညီခဲ့ပြီး ကုန်တင်သင်္ဘောတွေကို ရက် ၆၀ အထိ လုံခြုံစွာသွားလာနိုင်ဖို့
အီရန်က ခွင့်ပြုပေးရမယ်လို့လည်း ပါရှိပါတယ်။
.
Source – BBC
.

No comments:
Post a Comment