.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်
.
.
အမျိုးသား စည်းကမ်း အစ စာသင်ကျောင်းကလို့ ဆိုကြတယ်။ စာသင်ကျောင်းတိုင်းရဲ့
နံရံပေါ်မှာလည်း အဲဒီဆောင်ပုဒ်ကို ရေးထိုး ချိတ်ဆွဲထားကြတယ်။ အမျိုးသား စည်းကမ်းလို့
ဆိုထားတဲ့အတွက် ဆောင်ပုဒ်ထဲမှာ ရှိတဲ့ စာသားတွေက နိုင်ငံအတွင်း မီတင်းနေထိုင်သူ အားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုရလိမ့်မယ်။ သို့သော် ဒီဆောင်ပုဒ်နဲ့
ဒီစာသားကို စာသင်ကျောင်းတွေမှာသာ ရေးထိုး ချိတ်ဆွဲထားတာကို အများဆုံး တွေ့ကြပါလိမ့်မယ်။
အကြောင်းရင်းကတော့ အားလုံးသော လူတွေရဲ့ စည်းကမ်း အစက စာသင်ကျောင်းက ဖြစ်နေလို့ပါ။
ကျောင်းတက်နေတဲ့ အရွယ်ကနေ စည်းကမ်းကို အစပြုထားမှ နောင်အနာဂတ်မှာ စည်းကမ်းပြည့်၀တဲ့
လူ့ အသိုက်အ၀န်း တစ်ခုကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့လူငယ် နောင်၀ယ်လူကြီး ဆိုတဲ့
စကားရပ် တစ်ခု ရှိတယ်။ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်တဲ့ နေရာမှာ ယနေ့လူငယ်တွေက အရေးကြီးတဲ့
အခန်းကဏ္ဍမှာ ရှိနေပါတယ် ။အရေးကြီးတဲ့ လူငယ်တွေ စည်းကမ်းတကျ ဖြစ်နေမှ တိုးတက် ကောင်းမွန်တဲ့
အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
.
စာသင်ကျောင်းများ ဖွင့်တာ လပိုင်း တစ်ခုအတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
သင်ကြားရေးပိုင်းက စက်နှိုးပြီး အရှိန်ယူဖို့ ပြင်ချိန်မှာ သင်ယူမှုပိုင်း ကလေးတချို့ရဲ့
စည်းကမ်း ပျက်ယွင်းမှုလေးတွေ ကြားရ စပြုလာတယ်။ မကြားချင်ဆုံး ကြားရတဲ့ အကြောင်းချင်းရာက
တစ်ဦးနဲ့ တစ်ယောက်၊ တစ်သင်းနဲ့ တစ်ဖွဲ့ မကျေနပ်မှုတွေကို ဖောက်ခွဲတဲ့
ရန်ပွဲငယ်လေးများပါ။
.
အလယ်တန်းအဆင့် ကျောင်းသား တစ်ယောက် ယခင်နှစ်က တက်ရောက်ခဲ့တဲ့ ကျောင်းမှာ
အဆင်မပြေမှု တချို့ကြောင့် ယခုစာသင်နှစ်မှာ အခြားကျောင်း တစ်ခုကို အပြောင်းအရွေ့ လုပ်တယ်လို့ဆိုပါတယ်။
ကျောင်းဖွင့်ပြီး ဆယ်ရက်လောက် ရောက်တဲ့အချိန် နယ်ခံကျောင်းသားနဲ့ အခန့်မသင့်ရာကနေ ကျောင်းတွင်း
ရန်ပွဲငယ်တစ်ခု ဖြစ်ပွားကြတယ်။ ယခင်ကျောင်းက ပေးလိုက်တဲ့ အပြောင်းအရွှေ့ စာအိတ်လက်ရှိ ကျောင်းအုပ်ကြီး ဖောက် မကြည့်ရခင်မှာ နောက်တစ်နေရာကို ထပ်ပြောင်းဖို့ အကြောင်းဖန်သွားရတယ်။
.
အရင်း ပြန်စစ်တော့ ဆိုရှယ်မီဒီယာလို့ ခေါ်တဲ့ လူမှုကွန်ရက် စာမျက်နှာမှာ
တစ်ဦးနဲ့ တစ်ယောက် အပုပ်ချရာကနေ ကျောင်းသားချင်း မဖြစ်သင့်တဲ့ ကျောင်းတွင်း ရန်ပွဲဆီကို
ရောက်သွားကြရခြင်းပါပဲ။ ထပ်ပြီး အရင်း စစ်ပြန်တော့ နိုင်ငံရပ်ခြားရုပ်ရှင်
ဇာတ်၀င်ခန်းများကို အတုမြင် အတတ်သင်ရာက ဒီလို အခြေအနေတွေ ရောက်ကြရတယ်လို့ ဆိုကြတယ်။
အချို့သော နိုင်ငံခြားရုပ်ရှင်တချို့မှာ ကျောင်းသားချင်း၊ ကျောင်းသူချင်း
နင်ပဲငဆ ပြုတဲ့ ဇာတ်၀င်ခန်းတွေကို တင်ပြတတ်ကြပါတယ်။
.
နောင်တစ်ချိန် အဆိုးတွေကြောင့် ကြုံလာမယ့် ဒုက္ခတွေကိုလည်း ထည့်သွင်း
ပညာပေးတာတွေ ရှိပါတယ်။ အသိပညာရပ်ဆိုင်ရာ အားနည်းမှု အပိုင်းမှာ ရှိနေသေးတဲ့ မြန်မာ့
အသိုင်းအဝိုင်း ကလေးတွေက ရုပ်ရှင်တစ်ခုရဲ့ ပညာပေးပိုင်းကို စိတ်၀င်စားခြင်း မရှိ။ ကျောင်းသားချင်း/ကျောင်းသူချင်း
ခိုက်ရန် ပြုတတ်တဲ့ ဇာတ်၀င်ခန်းမှာတင် အတု မြင်ပြီးအတတ် သင်ကြတယ်။ အကျိုးဆက်ရလဒ်က အဆိုတော်
ဒိုးလုံး ဆိုထားတဲ့ သီချင်းတစ်ပုဒ်လို အဆိုးသံသရာ ဖြစ်နေတာပါ။
.
ကျောင်းသားချင်း ရန်ပြုတဲ့ ဇာတ်ကွက်တွေနဲ့တင် အဆုံးသတ်မလား မှတ်တယ်။
မကြားဝံ့ မနာသာ ဆယ်ကျော်သက် ကျောင်းသူတွေကြားမှာလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်လို့
ဆိုကြတယ်။ မြောက်များစွာသော ပြဿနာတွေထဲကမှ ဒီအသက် ဒီအရွယ်တွေကြား သမီးရည်းစား ကိစ္စက
အဆိုးဆုံးလို့ မှတ်ချက် ပြုကြတယ်။ ဒီကိစ္စရပ်ကြောင့်ပဲ ဆယ်ကျော်သက် ကျောင်းသူချင်း
ရန်ပွဲတွေ ဆင်နွှဲကြတဲ့ အထိပါ။
.
ရန်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ထုံးစံအတိုင်း။ သူ့အကြောင်း ကိုယ့်အကြောင်း
သူ့အဖွဲ့ ကိုယ့်အဖွဲ့ လူမှုကွန်ရက်ပေါ်မှာ အုပ်စုဖွဲ့ စကား ကျွံကြတယ် ။တစ်ဖက်နဲ့ တစ်ဖက်
မခံမရပ်နိုင် ဖြစ်အောင်စကား ကျွံကြတော့ ဆယ်ကျော်သက် ကျောင်းသူချင်း နေရာတစ်ခုမှာ ချိန်းဆိုပြီး
ရန်ပွဲတွေ ချိမ့်ချိမ့်သဲ ဆင်နွှဲကြတဲ့အထိ။ တချို့ဆိုရင် မကျေနပ်တဲ့ ကျောင်းသူအိမ်အထိ
အုပ်စုဖွဲ့ သွားရောက် တတ်ကြတယ်လို့တောင် ဆိုကြတယ်။
.
နောက်ထပ် ပြဿနာ မီးပွားတစ်စက မိဘတွေရဲ့ ပညာလောဘနဲ့ သက်ဆိုင်နေပြန်တယ်။
မိဘတိုင်းက ကိုယ့်သားသမီးကို အဆင့် A ဆိုတဲ့ နေရာမှာ အမြဲတမ်း
ရပ်တည်ချင်ကြတယ်။ ရပ်တည်နိုင်အောင်လည်း မနိုင်၀န်တွေ ထမ်းပြီး တွန်းအားပြုကြပါတယ်။
ဒီလိုပညာ လောဘတွန်းအား ပြုရာကနေ နိမ့်မြင့်တက်ကျဆိုတဲ့ လောကဓံတရားနဲ့ သွေဖီလာကြတယ်။
ပထမ၊ ဒုတိယ၊ တတိယဆိုတဲ့ စကားစုနေရာမှ ပထမတွေချည်း ဖြစ်ချင်စိတ်က ကျောင်းသား၊ ကျောင်းသူတွေကြား မလိုလားအပ်တဲ့ အမုန်း မီးတောက်တွေ ဖြစ်ပေါ်လာစေပါတယ်။
.
တရားသဘောအရ ဆင်ခြင်ကြည့်ရင် လက်ရှိ အသက်အရွယ် ကြီးရင့်သူတွေဟာ မကြာမီကာလ
တစ်ခုအတွင်း လူ့လောကကနေ အနား ယူကြရတော့မှာ ဖြစ်ပါတယ်။ အနာဂတ် နိုင်ငံတော်ကို ဆက်လက်ပုံဖော်
ထုဆစ်ရမှာ ယနေ့ လူငယ်လေးတွေပါ။ ခေတ်မီတဲ့ ဖွံ့ဖြိုးတဲ့ တိုးတက်တဲ့ နိုင်ငံတော်ကို လူသစ်လေးတွေက
တည်ဆောက်ကြရမှာပါ။
.
ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ဆက်လက် တည်ဆောက်နိုင်ဖို့ ကျောင်းသား
မောင်မယ် လူငယ်လေးများ စည်းကမ်းတကျ ဖြစ်နေဖို့ လိုအပ်ပါတယ်။ မလိုလားအပ်တဲ့ ကိစ္စရပ်တွေမှာ
လိုက်ပါ စီးမျောတာတွေကို ပညာဉာဏ်နဲ့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စစ်မှန်တဲ့
ပညာကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ယှဉ်ပြိုင်ပြီး လူမှုကွန်ရက် ဘေးအန္တရာယ်ကို ပညာမျက်လုံးနဲ့
ကျော်ဖြတ်နိုင်ကြပါစေကြောင်း။
.

No comments:
Post a Comment