မြန်မာကျားဖြန့်စခန်းဆီ အမျိုးသမီး ၂ ဦးကို လိမ်ပို့ခဲ့ကြောင်း ဟောင်ကောင်ဆရာဝန် ဝန်ခံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

မြန်မာကျားဖြန့်စခန်းဆီ အမျိုးသမီး ၂ ဦးကို လိမ်ပို့ခဲ့ကြောင်း ဟောင်ကောင်ဆရာဝန် ဝန်ခံ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှာ ဟောင်ကောင်အမျိုးသမီး နှစ်ဦးကို မြန်မာဖက်က ကျားဖြန့်စခန်းတစ်ခုဆီ လိမ်လည်ပို့ဆောင်ခဲ့တဲ့အမှုနဲ့ တရားစွဲခံထားရတဲ့ ဟောင်ကောင် အလှအပရေးရာ ဆရာဝန်က နောက်ဆုံးမှာ ဝန်ခံလိုက်ပါပြီ။

.



.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့  ဟောင်ကောင် ပြည်နယ်တရားရုံးရဲ့ စစ်ဆေးချက်မှာ အသက် ၃၃ နှစ်အရွယ် ပွန်ဆွန်းယီ လို့ခေါ်တဲ့ ဟောင်ကောင် အလှအပရေးရာ ဆရာဝန်က အပြစ်ဝန်ခံခဲ့တာဖြစ်ပြီး ဒီအမှုက ထိုင်းနိုင်ငံကို ခရီးသွားဖို့ဆိုပြီး ဟောင်ကောင် အမျိုးသမီးနှစ်ဦးကို လိမ်လည်ခေါ်ဆောင်သွားခဲ့တဲ့ အမှုပါ။

.

ဒီအမျိုးသမီး ၂ ဦးကို မြန်မာနိုင်ငံနယ်စပ်က တရုတ်လူမျိုးတွေ ထိန်းချုပ်ထားတဲ့ ကျားဖြန့်အလုပ်ရုံ တစ်ခုဆီ ရောင်းချခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ဦးရဲ့မိသားစုတွေက ဟောင်ကောင်ဒေါ်လာ ၆ သိန်းနီးပါး ပေးပြီး ပြန်ရွေး ခဲ့ရတာပါ။

.

ဟောင်ကောင်အမျိုးသမီးနှစ်ဦးဖြစ်တဲ့ ပန် (အလုပ်လက်မဲ့)နဲ့ ဘင်ဘင်း (အချိန်ပိုင်းမော်ဒယ်) တို့ကို ပွန်က ဂျပန် ဒါမှမဟုတ် ကနေဒါကို ခရီးထွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ခရီးစရိတ်အားလုံးကို သူမက တာဝန်ယူမယ်လို့ ပြောခဲ့တာပါ။

.

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာတော့ ပွန်က ထိုင်းနိုင်ငံကို ည ၉ နာရီလေယာဉ်နဲ့ သွားမှာဖြစ်ပြီး နောက်တစ်နေ့ညမှာ ပြန်လာမယ်လို့ ပြောခဲ့တာပါ။

.

ပွန်က လိုက်ပါမယ့် အမျိုးသမီး ၂ ဦးကို ဘတ် ၄၈ သန်း သယ်ယူပေးရမယ်လို့ ပြောဆိုခဲ့ပြီး အဲဒီလို သယ်ပေး တဲ့အတွက်လည်း ပိုက်ဆံပေးမှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ သူမ က လေယာဉ်မထွက်ခင် ၃ နာရီအလိုမှာ မွန်ကော့ခ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှ ပန် ကို တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် ပြောထားတဲ့ စာတွေကို ဖုန်းထဲကနေ ဖျက်ပစ်ခဲ့ပါတယ်။

.

အမျိုးသမီး ၂ ဦးက ဘန်ကောက်ကို ရောက်ရှိပြီးတဲ့နောက် သူမတို့ကို ဟိုတယ်လိုက်ပို့မယ့်ကား ဆိုတဲ့ အထင် နဲ့ လာခေါ်တဲ့ကားတစ်စီးနောက် လိုက်ခဲ့ကြပြီး နောက်တစ်နေ့ မနက်မှာတော့ ချင်းမိုင်ဘက် သွားနေတယ် ဆိုတာကို သိခဲ့ကြတာပါ။

.

ပွန်ကတော့ နောက်လေယာဉ်နဲ့ ဘန်ကောက်ကို လိုက်လာမယ်လို့ ပြောခဲ့ပေမဲ့လည်း နိုင်ငံတွင်း ဝင်ရောက် လာခြင်းမရှိခဲ့ပါဘူး။

.

အမျိုးသမီး ၂ ဦးကို ထိုင်း-မြန်မာနယ်စပ်ဆီ ခေါ်သွားခဲ့ပြီး တုတ်ဓားကိုင်ဆောင်ထားတဲ့ လူ ၅ ဦးက သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူခဲ့ပြီးတဲ့နောက် မြစ်တစ်ခုကိုဖြတ်ပြီး မြန်မာနိုင်ငံဖက်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

.

အဲဒီနောက် စက်ရုံတစ်ခုအတွင်းကို ရောက်လာခဲ့ကြပြီး သူမတို့ ရောင်းစားခံခဲ့ရပြီဖြစ်တဲ့အကြောင်း တရုတ် အမျိုးသားတစ်ဦးက အသိပေးခဲ့တာပါ။

.

အဲဒီနောက်မှာတော့ ဒီနေရာကနေ ပြန်လွတ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅ သိန်းပေးဖို့ တောင်းဆိုခဲ့ပြီး မပေးနိုင်ဘူးဆိုရင်တော့ တရုတ်နိုင်ငံသားတွေကို လိမ်လည်ဖို့ကူညီရမယ်လို့ အမိန့်ပေးခဲ့တာပါ။

.

နောက်လမှာတော့ သူတို့ ၂ ဦးကို ဆိုရှယ်မီဒီယာကနေ ရှာဖွေမှုတွေရှိနေကြောင်း ပြောဆိုခဲ့ပြီး ထွက်ခွာဖို့ အတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၈၀၀၀ ပေးရမယ်လို့ ပြောခဲ့တာပါ။

.

နောက်ဆုံးမှာတော့ အမျိုးသမီး ၂ ဦးက သူမတို့ရဲ့မိသားစုတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး မိသားစုတွေက ငွေ ပေးခဲ့ကြလို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှာ လွတ်မြောက်ခဲ့ပြီး ဟောင်ကောင်ကို ပြန်ရောက်ခဲ့ကြတာပါ။

.

ပွန်ဆွန်းယီ ကတော့ အာမခံမရဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အနည်းဆုံး ထောင်ဒဏ် ၁၄ နှစ်လောက် ကျခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages