မာတီနယ်လီရဲ့ နောက်ကျဂိုးနဲ့ ဂျပန်ကို အနိုင်ယူပြီး ကွာတား တက်သွားတဲ့ ဘရာဇီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

မာတီနယ်လီရဲ့ နောက်ကျဂိုးနဲ့ ဂျပန်ကို အနိုင်ယူပြီး ကွာတား တက်သွားတဲ့ ဘရာဇီး


မနေ့ညက ကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ ဂျပန်အသင်းတို့ ပွဲမှာတော့ မာတီနယ်လီရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့အတူ ၂-၁ ဆိုတဲ့ ရလာဒ်နဲ့ ဘရာဇီးတို့ အနိုင် ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

.
နေမာ မပါတဲ့ ဘရာဇီးက ကွန်ညာ၊ ဗီနီ နဲ့ ရာယန် တိုက်စစ်အတွဲကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ဂွီမာရေ့စ်၊ ပါကေးတားနဲ့ ကက်ဆီမီရို တို့ ကစားခဲ့ကြတာပါ။ ဂျပန်ကတော့ မဲဒါ၊ အူအဲဒါ တို့ရဲ့တို က်စစ်နဲ့ ကာမာဒါ ၊နာကာမူရာကို ကွင်းလယ်မှာထားပြီး တာနာကာ ကိုတော့ အရန်ခုံ ထိုင်ခိုင်းထားခဲ့ပါတယ်။
.
ဂျပန်ရဲ့ ၃-၄-၂-၁ ကစားပုံက ဘရာဇီးနဲ့ ပွဲမှာတော့ ၅-၄-၁ ပုံစံနဲ့ ပြောင်းလဲ ကစားသွားခဲ့ပြီး ဗီနီနဲ့ ရာယန်တို့ရဲ့ တောင်ပံတွေကို အသေပိတ် ကစားနေခဲ့လို့ ပထမပိုင်း တစ်ပိုင်းလုံး တောင်ပံနှစ်ဖက်လုံးဆီကနေ ဘောလုံး မထွက်နိုင်ဘဲ ဘရာဇီးတို့ တိုင်ပတ်နေခဲ့ကြရတာပါ။ ဗီနီ တစ်ယောက် ဘယ်ခြမ်းမှာ ဘာမှ လုပ်မရလို့ အတွင်းဘက်ဆီ ဝင် ကစားနေရပြီး ကွန်ညာက ဘယ်တောင်ပံဘက် မကြာခဏ ထွက်ကစားနေတာကို မြင်ခဲ့ရပါတယ်။
.
ဂျပန်က ဘရာဇီးရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ကွင်းလယ်မှာတင် ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဂိုးဧရိယာ ထိပ်ကနေ ဘောလုံးကန်ခွင့် မရအောင်လည်း တားဆီးခဲ့ကြပြီး ပထမပိုင်း တစ်ပိုင်းလုံး သူတို့ရဲ့ နည်းစနစ်က အလုပ် ဖြစ်နေခဲ့တာပါ။ ပွဲချိန် ၂၉ မိနစ်မှာတော့ ဂျပန်ကတောင် အဖွင့်ဂိုး ရသွားပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးနဲ့အတူ ဆွဲတက်လာတဲ့ ဆာနိုက ဂိုးဧရိယာထိပ်ကနေ အလစ်ဆန်ရဲ့ ညာဖက်ထောင့်ထဲ ကန်သွင်း ယူသွားခဲ့တာပါ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ ပါကေးတား အစား အန်းဒရစ် ဝင်လာခဲ့ပြီး ဘရာဇီးရဲ့ တိုက်စစ်က ပို သွက်လာခဲ့ပါတယ်။ အန်းဒရစ်က ဝင်လာကတည်းက ညာတောင်ပံကနေရော ကွင်းလယ်ထဲကနေပါ တိုက်ရိုက် တိုးဝင်နေတာကြောင့် ဂျပန်ခံစစ် ပို အလုပ်ရှုပ်ခဲ့ပြီး အန်းဒရစ်ကြောင့် လွတ်နေတဲ့ နေရာတွေကနေ ဗီနီ လည်း ပြန်လည် လှုပ်ရှားခွင့် ရလာခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ ဗီနီ ရဲ့ ခြေစွမ်းက တကယ့်ကို ချီးကျူးဖို့ ကောင်းပြီး ဘရာဇီးသား ပီသတဲ့ ကစားပုံကို ပြသ သွားခဲ့တယ်လို့တောင် ပြောရမှာပါ။
.
ပွဲချိန် ၅၆ မိနစ်မှာတော့ ကက်ဆီမီရိုက ဂျပန်ဂိုး ဧရိယာထဲကနေ အပိုင် ခေါင်းတိုက်ပြီး ဘရာဇီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ ကွန်ညာအစား မာတီနယ်လီ ဝင်ကစားခဲ့ပေမယ့် မာတီနယ်လီ တစ်ယောက် ဘာတွေ လုပ်နေမှန်းကို မသိတာမို့ ဘရာဇီး တိုက်စစ်က ပိုတောင်နှေးသွားသလို ဖြစ်ခဲ့ရတာပါ။
.
ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းတောက်လျောက် ဘရာဇီးကပဲ ပွဲကို စိုးမိုးသွားခဲ့ပြီး ဂျပန်က ခံစစ်ပုံစံနဲ့ပဲ ကစားနေခဲ့ရတာပါ။ မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ ဂိုး မသွင်းနိုင်ကြတာကြောင့် အချိန်ပို ကစားရတော့မယ်လို့ ထင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်လို့ အချိန်ပို ၆ မိနစ်မှာ ဂျပန်ခံစစ် အမှားကနေ ဂွီမာရေ့စ် ထိုးပေးလိုက်တဲ့ ဘောလုံးက တစ်ဆင့် ဂိုးဧရိယာထဲမှာ ရှိနေတဲ့ မာတီနယ်လီက အပိုင်ကန်သွင်းပြီး ဘရာဇီးအတွက် နောက်တစ်ဆင့် တက်မယ့် ဂိုးကို သွင်းယူပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဂျပန်အသင်းက ဒီပွဲမှာ အမှားအနည်းဆုံးဖြစ်အောင် ကစားနိုင်ခဲ့ကြပေမယ့် နောက်ဆုံးမိနစ်မှာ ဖြစ်သွားခဲ့တဲ့ အမှားလေးက ပေးဆပ်မှု ကြီးမားသွားခဲ့တာပါ။
.
လက်ကျန် မိနစ်အနည်းငယ်မှာ ဂျပန်တို့ ချေပဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ကြပေမယ့် ဘရာဇီးခံစစ်ကို မကျော်နိုင်တော့ဘဲ ပွဲအပြီးမှာ ၂-၁ ဆိုတဲ့ ရလာဒ်နဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Pages