လမ်းမပေါ်တွင် အမှိုက်ထုပ်ပစ်ခွဲခဲ့သည့် ‌တောင်ကြီးအီကို ယာဉ်မောင်း၏လုပ်ရပ် ဝေဖန်မှုများ မြင့်တက်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

လမ်းမပေါ်တွင် အမှိုက်ထုပ်ပစ်ခွဲခဲ့သည့် ‌တောင်ကြီးအီကို ယာဉ်မောင်း၏လုပ်ရပ် ဝေဖန်မှုများ မြင့်တက်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

မြို့တော် တောင်ကြီးတွင် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် တောင်ကြီးအီကို ကုမ္ပဏီ ယာဉ်မောင်းတစ်ဦးက လမ်းမပေါ်တွင် အမှိုက်ထုပ်များကို ပစ်ခွဲခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ ‌တောင်ကြီးဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တလုံးကြီးလမ်းမ၊ ဧရာဝတီလမ်းဆုံအနီးတွင် ယမန်နေ့ ဇွန်လ ၂၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်ခန့်က အမှိုက်သိမ်းဆည်းရန် လာရောက်သည့် အမှိုက်သိမ်းယာဉ် တစ်စီးမှ ယာဉ်မောင်းက အမှိုက်ထုပ်များကို ကားပေါ်သို့ မတင်ပေးသည့်အတွက် ဟုဆိုကာ အမှိုက်ထုပ်ကို ခွဲကာ လမ်းမပေါ်တွင် ဖြန့်ကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အမှိုက်ကားလာတော့ ကျွန်တော်တို့က အမှိုက်ထုပ်ကို ဆိုင်ရှေ့မှာ သေချာလေး ထုပ်ပိုးပြီး ချထားပေးတယ်။ အရင်ကတော့ ကောက်တင်သွားတယ်။ အခုကျတော့ အမှိုက်ထုပ်ကို လမ်းပေါ် ရိုက်ခွဲလိုက်တာပါ။ ဒါကြောင့် ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲလို့ လိုက်မေးတာပေါ့။ ကားသမားက မူးနေတယ်။ သူက ဆင်းလာပြီး အခြေအတင် ဖြစ်တာပေါ့။ ရန်လည်း ထပ်မဖြစ်ချင်တာနဲ့ ထားလိုက်တော့ ဆိုပြီး ကျွန်တော်က ဆိုပြီး ဆိုင်ကို ပြန်လာလိုက်တယ်။ သူတို့က အနောက်က လိုက်လာပြီးတော့ ဆိုင်ထဲအထိဝင်ပြီး မင်းက အမှိုက်ခွန်ဆောင် ထားလား ဘာလား ဆိုပြီး ဝင်ဖြဲတာပါ” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

.

တောင်ကြီးအီကို ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကတည်းက တောင်ကြီးမြို့ပေါ် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်း စတင်ဆောင်ရွက်စဉ် ကတည်းက အမှိုက်ခွန် ကောက်ခံမှု နှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှု ရှိခဲ့ပြီး အမှိုက်သိမ်း ယာဉ်မောင်းများနှင့် ဝန်ထမ်းများ၏ မချေမငံ ဆက်ဆံမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှု များကြောင့်လည်း နာမည်ပျက် ရှိနေခြင်းဖြစ်သည်။

.

“သူတို့ မတင်ချင်ရင် ကျော်သွားလို့ရတယ်လေ။ ဒီလို အမှိုက်ထုပ်တွေ ရိုက်ခွဲခဲ့တာကတော့ တော်တော်လေး ရိုင်းစိုင်းတဲ့ အပြုအမူပါ။ လမ်းပေါ်မှာဆိုရင်လည်း သူတို့အမှိုက်ကားတွေ ကိုပဲ ကြောက်နေရတယ်။ မောင်း ချင်သလိုမောင်း၊ ရပ်ချင်သလိုရပ်။ ပိုက်ဆံကောက်တဲ့အချိန်ကျတော့ မတန်တဆကောက်တယ်။ ကုမ္ပဏီ ဘက်က စီမံခန့်ခွဲမှု တော်တော်လေး ညံ့ဖျင်းတယ်။ အခုလိုမျိုး ဆိုရင်တော့ အဲလိုကုမ္ပဏီ မရှိတာမှ ပိုကောင်း ဦးမယ်” ဟု တောင်ကြီးဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးအီကို ကုမ္ပဏီမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့လည်း အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ကာယကံရှင်ကို တောင်းပန်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ဝန်ထမ်းရဲ့ အမှားဖြစ်သွားတာကိုး။ သွန်သင်ဆုံးမတဲ့ ကြားထဲကနေ ဖြစ်သွားတော့ ထိထိရောက်ရောက် အရေးယူပါမယ်။ ကာယကံရှင်ကိုလည်း သွားပြီး တောင်းပန်ပါမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းကို ‌တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနနှင့် တောင်ကြီးအီကို ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပြီး ယခု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးဌာနဘက်မှလည်း ကုမ္ပဏီကို အရေးယူဆောင် ရွက်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages