တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပြီး သစ်ပင်စိုက်ပျိုး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပြီး သစ်ပင်စိုက်ပျိုး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာစေတီတော်တွင် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

.

.

"ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က ကိစ္စတစ်ခုရှိလို့ မလုပ်လိုက်ရတော့ အဲဒီအထိမ်းအမှတ် အနေနဲ့ ဒီနေ့ လုပ်တာပါ။ ဘုရားပေါ်မှာ ပလတ်စတစ်အမှိုက်တွေ ရှင်းလင်းရင်းနဲ့ အပင်စိုက်ဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ရေမြော ၅ ပင်၊ မာတာကွတ် ၅ ပင်ပါ။ ပြီးတော့ မနှစ်က စိုက်ထားတဲ့ အပင်တွေကို ပြန်ပြီးတော့ ထိန်းသိမ်းတာ လုပ်ပါတယ်" ဟု ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် သစ်ပင်စိုက်ပျိုးလိုသူများအတွက် ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်က ပျိုးပင်များ လှူဒါန်းပေးသွားမည်ဖြစ်ပြီး ချယ်ရီ၊ ဝက်သစ်ချ၊ မာတာကွတ်နှင့် ရေမြောပင် များကို သစ်ပင်စိုက်ပျိုးချင်သူများအ‌နေဖြင့် အလှူခံနိုင်ကြောင်း ၎င်းထံက သိရသည်။

.

"ထင်းရှူးပင် ၅၀၀ ကျော်ကတော့ ဗုဒ္ဓတက္ကသိုလ်မှာစိုက်ဖို့ ဝုန်းဝမ်းက အကုန်ယူသွားပါပြီ ကျန်တဲ့ဟာကတော့ စိုက်ချင်တဲ့သူတွေကို လှူပေးသွားမှာပါ" ဟု ဒေါ်ချယ်ရီကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

ထိုသို့ လှူဒါန်းရာတွင် ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ် အပင်ဖြစ်ထွန်းမှုနှင့် သေဆုံးမှု မှတ်တမ်း ရယူပြီး သေဆုံးအပင်များအတွက် ပြန်လည်ဖြည့်တင်းပေးနိုင်ရေးကိုလည်း မှတ်တမ်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် သစ်ပင်စိုက်ပျိုးမှုကို မိုးရွာသွန်းမှုများသည့် ဇွန်လကုန်၊ ဇူလိုင်လဆန်းတွင် ပြုလုပ်သွားရန် ရှိနေပြီး တောင်ကြီးတွင် သစ်ပင်စိုက်ရန် နေရာ နည်းပါးနေသည့်အတွက် ညောင်ရွှေမြို့နယ်အတွင်း သွားရောက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စုပေါင်း သန့်ရှင်းရေး ပြုလုပ်မှုကို ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်နှင့်အတူ စူဠာမုနိလောကချမ်းသာဘုရားဝန်ထမ်းများ၊ စားသောက်ဆိုင်များနှင့် လမ်းကလေးပရဟိတအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages