ဩစတြေးလျကို ဘိန်းဖြူသယ်ပို့မှုနဲ့ အဖမ်းခံနေရတဲ့ ထိုင်းလေယာဉ်မယ်အတွက် စုံစမ်းမှုတွေပြုလုပ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

ဩစတြေးလျကို ဘိန်းဖြူသယ်ပို့မှုနဲ့ အဖမ်းခံနေရတဲ့ ထိုင်းလေယာဉ်မယ်အတွက် စုံစမ်းမှုတွေပြုလုပ်နေ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

.

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ဩစတြေးလျနိုင်ငံထဲကို ဘိန်းဖြူတွေ သယ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံနေရတဲ့ ထိုင်းလေယာဉ်မယ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဖက်က စစ်ဆေးရေးတွေ စတင်ပြုလုပ် နေပါပြီ။ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံထားရတဲ့ လေယာဉ်မယ်အနေနဲ့ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်မှုကို သိသိနဲ့ ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ သံသယရှိနေကြတာပါ။

.

.

ထိုင်းအမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်မယ်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မီနာ ကို သူ့ရဲ့ခရီးဆောင် အိတ်ထဲမှာ ဘိန်းဖြူ ၁ ကီလိုဂရမ်သယ်လာတယ်ဆိုတာ တွေ့ရှိပြီးတဲ့နောက် ဩစတြေးလျလေဆိပ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ မီနာ ဟာ ခရီးဆောင်အိတ် ၁၂ လုံးသယ်ဆောင်လာ ခဲ့တာဖြစ်ပြီး အဲဒီအထဲက အိတ် ၂ လုံးကို စစ်ဆေးမှုမှာ သံသယဖြစ်စရာ တွေ့ရှိခဲ့ရတာပါ။

.

မီနာရဲ့အိတ်တွေထဲက ဘိန်းဖြူရှာဖွေတွေ့ရှိမှုတန်ဖိုးက ထိုင်းဘတ် ၁၁ ဒသမ ၄ သန်းလောက် ရှိတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

.

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ရဲ့ ဒုတိယရဲချုပ်ကြီး ဆူရီယာရဲ့ပြောဆိုချက်အရတော့ စုံစမ်း စစ်ဆေးသူတွေဟာ မီနာနဲ့ facebook အသုံးပြုသူတစ်ဦးအကြား ဩစတြေးလျကို ပါဆယ်ပို့ပေးဖို့ ပြောဆို ထားတဲ့ စကားပြောမှတ်တမ်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူက ထိုင်းနိုင်ငံထုတ် ကုန်စည် ၂၀ ကီလိုဂရမ် သယ်ဆောင်ပေးဖို့ မီနာကို စကားပြောခဲ့ပြီး မီနာနဲ့သူမရဲ့ချစ်သူက ပို့ဆောင်မယ့်သူနဲ့ ဆက်သွယ် ပြီးတဲ့နောက် ဘတ် ၈၈၀၀ နဲ့သယ်ဆောင်ပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရတာပါ။

.

မီနာက အွန်လိုင်းကနေ အော်ဒါလက်ခံခြင်းနဲ့ပစ္စည်းတွေသယ်ယူပေးခြင်း လုပ်ငန်းတွေကို လုပ်ကိုင်သူ တစ်ယောက်အဖြစ် အပိုဝင်ငွေရှာဖွေလေ့ရှိပြီး လေယာဉ်အမှုထမ်းအများစု လုပ်ကိုင်တဲ့ အလုပ်တွေထဲက တစ်ခုလည်း ဖြစ်တာပါ။

.

မီနာရဲ့ကွန်ဒိုအခန်းကို ဝင်ရောက်ရှာဖွေမှုတွေမှာလည်း တရားမဝင်ပစ္စည်းတစ်စုံတစ်ရာ မတွေ့ခဲ့ဘဲ ပါဆယ် ထုပ်ပိုးတဲ့ ဘူးအလွတ်တွေကိုသာ တွေ့ရှိခဲ့တဲ့အကြောင်း တရားရေးဝန်ကြီး နာဝါရတ်က ဆိုပါတယ်။

.

လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာတော့ ဇွန်လ ၂၂ ရက်မှာ အမျိုးသားတစ်ဦးက မီနာရဲ့ကွန်ဒိုရှေ့ကို ပါဆယ်ထုပ်တစ်ခု လာရောက်ပို့ဆောင်တာကို တွေ့ခဲ့ရပေမယ့်လည်း အထုပ်ထဲမှာ ပါဝင်တဲ့ပစ္စည်းကို မသိရပဲဖြစ်နေခဲ့တာပါ။

.

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ပိုးထည်အင်္ကျီတွေထဲမှာ ချုပ်ဖွက် ထားတဲ့ ဘိန်းဖြူ ၆ ကီလိုဂရမ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီပါဆယ်ထုပ်တွေကို ထိုင်းနိုင်ငံ မြောက်ပိုင်း ဖူးခက်မှာနေထိုင်တဲ့ ထိုင်းလေယာဉ်အမှုထမ်းတစ်ဦးဆီကို ပေးပို့ခဲ့တာဖြစ်ပြီး ဩစတြေးလျ နိုင်ငံကို ဆက်လက်ပို့ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

.

အွန်လိုင်းမှာ ပါဆယ်သယ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုကိုကြော်ငြာထားတဲ့ လေယာဉ်အမှုထမ်းက ပါဆယ်အတွင်းမှာ မူးယစ်ဆေးဝါးပါရှိတာကို မသိခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့တာပါ။

.

မီနာရဲ့ ငွေကြေးမှတ်တမ်းတွေကို စစ်ဆေးခဲ့ရာမှာလည်း မသင်္ကာဖွယ် ငွေကြေးလွှဲပြောင်းမှု ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေ မတွေ့ခဲ့တဲ့အကြောင်း ရဲချုပ်ကြီး ဆူရီယာက ဆိုပါတယ်။

.

မီနာရဲ့ဘဏ်အကောင့်ထဲမှာ ပုံမှန်ထက်များတဲ့ ငွေကြေးပမာဏမျိုးမရှိသလို မူးယစ်ဆေးဝါးတွေကို သူမ ကိုယ်တိုင်မသိဘဲ သယ်ဆောင်သွားတာမျိုး ဖြစ်နိုင်တာမို့ မီနာအပေါ် တရားမျှတစွာနဲ့ဆက်ဆံဖို့ ဩစတြေးလျ ဘက်ကို တိုက်တွန်းထားတာပါ။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages