ထိုင်းဘက်မှ ရေသန့်တင်သွင်းမှုကြောင့် ဒေသတွင်း သောက်ရေသန့်လုပ်ငန်းရှင်များ နစ်နာနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

ထိုင်းဘက်မှ ရေသန့်တင်သွင်းမှုကြောင့် ဒေသတွင်း သောက်ရေသန့်လုပ်ငန်းရှင်များ နစ်နာနေ ဟုဆို

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်

.

ထိုင်းနိုင်ငံဘက်မှ ရေသန့် တင်သွင်းမှုကြောင့် တာချီလိတ်မြို့နယ်ရှိ ဒေသတွင်း သောက်ရေသန့် လုပ်ငန်းရှင် များ နစ်နာနေရသည်ဟု သိရသည်။

.

.

သောက်ရေသန့်လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲ၌ ရေသန့် လုပ်ငန်းရှင်များက ယင်းကဲ့သို့ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

.

ဆွေးနွေးပွဲတွင် သောက်ရေသန့်လုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသင်းအတွင်းရေးမှူး ဦးမြင့်ဇော်က ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်၊ လက်ရှိလုပ်ငန်း အခြေအနေ နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် တက်ရောက်လာသည့် ရေသန့်လုပ်ငန်းရှင်များကများက ထိုင်းနိုင်ငံဘက်မှ ရေသန့်များ တင်သွင်း အသုံးပြုမှု များပြားလာခြင်းကြောင့် ဒေသတွင်း သောက်ရေသန့် လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေပြီး စီးပွားရေးအရ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

.

ထို့အပြင် ရေသန့်ဘူးခွံများ စနစ်တကျလည်ပတ် အသုံးပြုနိုင်ရေး၊ ရောင်းချဈေးနှုန်း တည်ငြိမ်မျှတရေး၊ FDA မှ သတ်မှတ်ထားသော သောက်ရေသန့်များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး နှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ ဆွေးနွေးပွဲသို့ တာချီလိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင် စုစုပေါင်း ၄၇ ဦးအနက် ၂၄ ဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ ရေသန့်တင်သွင်းအသုံးပြုမှုနှင့် ပတ်သက်သည့် အခက်အခဲများကို လာမည့်အစည်းအဝေးတွင် ထပ်မံတင်ပြဆွေးနွေးသွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages