.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်တွင်
ယမန်နေ့ ဇူလိုင်လ ၁ ရက်၊ ညပိုင်းက အမျိုးသား တစ်ဦးထံကမှ ငွေကျပ် ၈၇ သိန်း တန်ဖိုးရှိ
စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းစိမ်းနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် ဇော်လှိုင်မြင့် ဦးစီး တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဇူလိုင်လ ၁ ရက်၊ ည ၇ နာရီခွဲခန့်က တောင်ကြီးမြို့၊
ဈေးပိုင်းရပ်ကွက်၊ စဝ်စံထွန်းလမ်းနေ ခွန်ဇေယျာငွေထွန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
၎င်းအား နေအိမ် အိပ်ခန်းအတွင်း တွေ့ရပြီး ၎င်းအိပ်ယာဘေးရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟု
ယူဆရသော WY စာတမ်းပါ ပန်းရောင် ဆေးပြား ၂၀၀၀၀ ပြား၊
အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေကျပ် သိန်း ၆၀ နှင့်
အဖြူရောင်ကြွပ်ကြွပ်အိတ် အကြည် အတွင်း ထည့်ထားသည့် ဘိန်းဟုယူဆရသော အမည်းရောင်
ဘိန်းစိမ်း ၁ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေ ၄ သိန်းကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ဆက်လက်ရှာဖွေရာ ၎င်းအိပ်ယာ ဘေးဘက်ရှိ ပလတ်စတစ်အကြည်ရောင်
ကော်ပုံးအတွင်းမှ WY စာ တမ်းပါ ပန်းရောင် ဆေးပြား ၅၀၀၀ ပြား၊
အလေး ချိန် ၄၅၀ ဂရမ်ခန့်၊ တန်ဖိုးငွေ ၁၅ သိန်းကျပ် နှင့် ပလပ်စတစ်အိတ်အကြည်ဖြင့်
ထည့်ထားသော ဘိန်းဆီခဲဟုယူဆရသည့် အမည်းရောင် အစေးအခဲ ၂၅၀ ဂရမ်ခန့်ပါ ၁ ထုပ်နှင့် ၁၅၀
ဂရမ်ခန့်ပါ ၁ ထုတ်၊ စုစုပေါင်းဘိန်းဆီခဲ ၄၀၀ ဂရမ်ခန့်၊ တန်ဖိုးငွေ ၈ သိန်း ကျပ်ခန့်တို့အား
လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်ထားသော ပလပ်စတစ်
အချိုရည်ဘူး ၂ ဘူး၊ ခဲပြားအပိုင်း အစ ၂ ခု၊ အသုံးမပြုရသေးသည့် ခဲပြားလိပ် ၁ လိပ်နှင့်
ဘိန်းချက်ရာတွင် အသုံးပြုထားသည့် စတီးရောင်အိုး ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ခွန်ဇေယျာငွေထွန်း ၏ ထွက်ဆိုချက်အရ
သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များအား ဟိုပုံးမြို့အထွက်၊ တောစပ်၌ အမည်မသိ အသက် ၄၀ အရွယ်ခန့်ရှိ
အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ပြီး ဘိန်းစိမ်းအား ဘိန်းဆီခဲဖြစ်အောင် ၎င်းကိုယ်တိုင်
ချက်လုပ်၍ ကိုယ်တိုင် သုံးစွဲကာ တစ်ဆင့် ပြန်လည် ရောင်းချ၍ လည်းကောင်း
ဆေးပြားများအား ကိုယ်တိုင် သုံးစွဲ၍ တဆင့်ပြန်လည် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ခွန်ဇေယျာငွေထွန်းအား
တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ
ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment