.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်
.
မနက်ဖြန် မနက် ၅ နာရီခွဲမှာ ကစားကြမယ့်
ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲမှာ ပေါ်တူဂီအသင်း လွယ်ပါ့မလားဆိုတာကို
သုံးသပ်ချက်လေး လုပ်ပေးသွားပါ့မယ်။ အထူးသဖြင့် ဂုတ်ကြီးရော်နယ်ဒိုရဲ့ ပရိသတ်တွေက
၃၂ သင်းအဆင့်ကနေ ပေါ်တူဂီ ပြုတ်သွားမှာကို စိတ်ပူနေကြပြီး ခရိုအေးရှားတို့
မထင်မှတ်တာ တစ်ခုခု လုပ်ပြသွားမလားလို့ တွေးမိနေကြတာပါ။ ဒီတော့ ခရိုအေးရှားအနေနဲ့
ပေါ်တူဂီကို ဒုက္ခပေးသွားနိုင်ချေရှိလား ကြည့်ရအောင်။
.
.ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ခရိုအေးရှားကို
ပေါ်တူဂီ နောက်ဆုံးတွေ့ခဲ့တဲ့ ၃ ကြိမ်မှာ အသာရအောင် မကစားနိုင်ခဲ့ဘူး။ ပေါ်တူဂီက
တစ်ကြိမ်နိုင်၊ ခရိုအေးရှားက တစ်ကြိမ်နိုင်ပြီး၊ တစ်ကြိမ်သရေကျခဲ့တယ်။
.
အုပ်စုအဆင့်တုန်းကတော့ ပေါ်တူဂီရဲ့ခြေစွမ်းကို
ပရိသတ်တွေက မကျေနပ်ခဲ့ကြဘူး။ ဥဇဘက်လို အသင်း မျိုးနဲ့ ပွဲမှာပဲ
ဂိုးပြတ်သွင်းနိုင်ခဲ့ပြီး ကွန်ဂိုနဲ့ သရေကျခဲ့သလို ကိုလံဘီယာနဲ့ပွဲမှာလည်း
ကံကောင်းလို့ မရှုံးခဲ့တာ လို့ပြောရမယ်။
.
အထူးသဖြင့် ပေါ်တူဂီရဲ့တိုက်စစ်မှာ ရော်နယ်ဒိုက
တစ်ယောက်တည်း ရုန်းကန်နေရသလိုဖြစ်နေပြီး တောင်ပံတွေ၊ ကွင်းလယ်တွေကသပ်သပ်၊ သူက
သပ်သပ် ကစားနေရသလို ဖြစ်နေပါတယ်။ ပေါ်တူဂီရဲ့ တောင်ပံတွေမှာ ဂျာအိုဖိလစ်၊ နီတို
တို့ကစားနေကြပြီး ဘရူနိုကတော့ ရော်နယ်ဒိုရဲ့အနောက်မှာ ကွင်းလယ် တိုက်စစ်ပုံစံနဲ့
ကစားနေတာပါ။ ကွင်းလယ်ဗဟိုမှာတော့ PSG အတွဲဖြစ်တဲ့ ဗီတင်ဟာနဲ့
နီဗက်စ် ရှိပါတယ်။
.
ပေါ်တူဂီရဲ့ပြဿနာက ကွင်းလယ်မှာ
ဖန်တီးမယ့်ကောင်တွေ အရမ်းများနေပြီး ပြိုင်ဘက်က ခံစစ်ကို ဖိအားပေးလာရင် ဖျက်မယ့် ကစားသမားကောင်းကောင်း
မရှိတာပါ။ ကိုလံဘီယာနဲ့ပွဲမှာ ရူဘင်နီဗက်စ်ကို ဗီတင်ဟာနဲ့ တွဲပေးပြန်တော့လည်း
တိုက်စစ်ကစားဖို့ အားနည်းသွားပြန်တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲ လိုက်ရတယ်။
.
ပြောရရင် ပေါ်တူဂီမှာ ကောင်းတဲ့နေရာတွေက
အများကြီး။ ကန်ဆယ်လိုနဲ့ မန်ဒက်စ်တို့ရဲ့ ခံစစ်အစွန်နေရာ တွေက ကောင်းတယ်။
ကွင်းလယ်မှာ ဖန်တီးနိုင်တဲ့ ကစားသမားတွေ ရှိနေပြီး ကောင်းတယ်။ မကောင်းတာ ဆိုလို့
အထောင်တိုက်စစ်နေရာနဲ့ ကွင်းလယ်ခံစစ်နေရာပဲ ဖြစ်နေတယ်။
.
ခရိုအေးရှားကတော့ ပါရီဆစ်၊ ဆူဆစ်၊ မိုဒရစ်၊
ကိုဗာဆစ် တို့လို ဆရာကြီးတွေကို အမာခံထားပြီး ကစားနေ တယ်။ ဒါပေမဲ့
ဆရာကြီးတွေဆိုတော့ အသက်တွေကလည်း ကြီးနေပြီ။ အင်္ဂလန်လိုအသင်းကို ၄ ဂိုး ပေးခဲ့ရတဲ့
အထိ ခံစစ်ကလည်း မကောင်းဘူး။
.
ဒါပေမဲ့ ခရိုအေးရှားက ဥရောပမှာ
အတွေ့အကြုံများတဲ့ အသင်းဆိုတာ မေ့ထားလို့မရဘူး။ ဒီအသင်းက အဆင့်တက်လာလေလေ
ဉာဏ်များလာလေလေ ဆိုတဲ့အသင်းမျိုးဖြစ်ပြီး ပြိုင်ဘက်ကို ဒုက္ခပေးတတ်တဲ့
အသင်းတွေထဲမှာ ပါတာပါ။ အရင်တုန်းကတော့ ခရိုအေးရှားဆိုရင် ခံစစ်မာတာကြောင့်
ကစားရခက်ပြီး ပြိုင်ဘက်ကို အမှားလုပ်မိအောင် စောင့်ကစားတဲ့ပုံရိပ်နဲ့
လူသိများခဲ့တယ်။
.
လက်ရှိကတော့ ခရိုအေးရှားက
မျိုးဆက်သစ်တွေရှားနေပြီး မိုဒရစ်တို့ကိုပဲ ပြန်အားကိုးနေရသလို ဖြစ်နေ တော့
ကစားအားက အတက်အကျတွေရှိလာတယ်။ ပထမပိုင်းမှာ ကစားပုံကောင်းနေပေမဲ့ ဒုတိယပိုင်း ကျရင်တော့
သက်လုံတွေကျသွားပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးလာရတာလည်း တွေ့ရတယ်။
.
ခရိုအေးရှားရဲ့ အားသာချက်တွေက အသင်းလိုက်ကစားပုံ
ကောင်းတယ်။ ကွင်းလယ်မှာ ဖိအားဒဏ်ခံနိုင်တဲ့ ကစားသမားတွေရှိတယ်။ ပြိုင်ဘက်အမှားကို စောင့်ပြီး
တန်ပြန်တိုက်စစ် ကစားတာ ကောင်းတယ်။ Set-Piece တွေမှာ
အန္တရာယ်ရှိတယ်။
.
ဒါပေမဲ့ တိုက်စစ်ကတော့ ပေါ်တူဂီနဲ့
ယှဉ်လို့ကိုမရပါဘူး။ အိုဆာဆူနာ တိုက်စစ်မှူး ဘူဒီမာ ကောင်းနေတယ် ဆိုတာက ရော်နယ်ဒို
ညံ့နေသလောက်ပဲရှိတာမို့ သွားယှဉ်လို့မရပြန်ဘူး။ ကွင်းလယ်မှာလည်း ဘရူနို၊ ဗီတင်ဟာ၊
ဂျာအိုဖိလစ်၊ နီဗက်စ် တို့လို ချာတိတ်တွေကို မိုဒရစ်၊ ကိုဗာဆစ် အတွဲက ယှဉ်ကစားဖို့
အချိန် အကန့်အသတ် တစ်ခုအတွင်းပဲ ရလိမ့်မယ်။ ခံစစ်ဆိုရင်လည်း ပေါ်တူဂီရဲ့ ဒီယာ့ဇ်၊
ဗီဂါ၊ ကန်ဆယ်လို၊ မန်ဒက်စ်အတွဲက ဗာဒီယို တစ်ယောက်ပဲ နာမည်ကြီးရှိတဲ့
ခရိုအေးရှားခံစစ်ထက် အပုံကြီးသာတယ်။
.
ဒီတော့ အုပ်စုပွဲတွေမှာ
ပေါ်တူဂီညံ့ခဲ့တယ်ဆိုရင်တောင် ဒီပွဲမှာတော့ ပေါ်တူဂီက ပရိသတ်ကို စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။
ပေါ်တူဂီတိုက်စစ်က ဒီပွဲမှာ
ပြဿနာမရှိလောက်ဘူးလို့ပဲ သုံးသပ်ပေးချင်ပါတယ်။
.

No comments:
Post a Comment